NLD ဗဟိုကော်မတီဝင် မုံရွာအောင်ရှင် ကွယ်လွန်

2021.11.28
NLD ဗဟိုကော်မတီဝင် မုံရွာအောင်ရှင် ကွယ်လွန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင် ကို ၂၀၁၉၊ နိုဝင်ဘာ ၉ ရက်နေ့က တွေ့ရစဉ်
Photo: RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ဟာ စစ်ကောင်စီလက်ထဲက ပြန်လွတ်ပြီး တစ်လကျော်အကြာ ဒီနေ့ နိုဝင်ဘာလ ၂၈ ရက် မနက် ၆ နာရီခွဲမှာ ကွယ်လွန်သွားပါတယ်။

နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ဆေးရုံတက်ရပြီး ၂၄ ရက်နေ့မှာ ဆေးရုံကနေ ပြန်ဆင်းခဲ့ပြီးတဲ့နောက် ရန်ကုန်တိုင်း တာမွေမြို့နယ်က နေအိမ်မှာ ဒီနေ့မနက်က နှလုံးရောဂါနဲ့ ကွယ်လွန်တဲ့အကြောင်းကို သူ့ဇနီးသည်က RFA ကို အတည်ပြုပြောဆိုပါတယ်။

မုံရွာအောင်ရှင်ဟာ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အဖမ်းခံရပြီး၊ အောက်တိုဘာလ ၁၈ ရက်နေ့မှာ စစ်ခေါင်းဆောင်ရဲ့ လွတ်ငြိမ်းသက်သာမိန့်နဲ့ ပြန်လွတ်ခဲ့ပါတယ်။ ထောင်ကပြန်လွတ်ပြီး တစ်လနဲ့ ဆယ့်ကိုးရက်အကြာ ဒီနေ့မနက်မှာ ကွယ်လွန်တာဖြစ်ပါတယ်။

ကဗျာဆရာ မုံရွာအောင်ရှင် ဟာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းကို ဆန့်ကျင်မှုနဲ့ ၁၉၆၄ လွန်ကာလမှာ ထိန်းသိမ်းခံခဲ့ရသလို၊ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရလက်ထက်မှာလည်း နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ရပါတယ်။ စစ်တပ်က အာဏာမသိမ်းခင်နှစ်တွေမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေး ကော်မတီဝင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို၊ ဆရာ ဦးဝင်းတင် ဦးစီးခဲ့တဲ့ ဒီလှိုင်းဂျာနယ်ကိုလည်း ဦးဆောင် ထုတ်ဝေခဲ့ ပါတယ်။

ဆရာ မုံရွာအောင်ရှင် ကွယ်လွန်ချိန်မှာအသက် ၇၇ နှစ်ရှိပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။