မုံရွာမှာ နေ့အပူချိန်မြင့်တက်မှုကြောင့် လေးရက်အတွင်း လူတစ်ရာခန့် သေဆုံး

RFA Burmese
2024.05.20
မုံရွာမှာ နေ့အပူချိန်မြင့်တက်မှုကြောင့် လေးရက်အတွင်း လူတစ်ရာခန့် သေဆုံး မုံရွာတွင် နေ့အပူချိန်မြင့်တက်မှုကြောင့် သေဆုံးခဲ့သူတစ်ဦး၏ ရုပ်အလောင်းအား ပရဟိတလူမှုကူညီရေးအဖွဲ့က ကူညီသယ်ဆောင်နေသည်ကို ၂၀၂၄ ခုနှစ် မေလ ၁၉ ရက်နေ့က တွေ့ရစဉ်။
သုခဟိတ နာရေးကူညီမှုနဲ့ သွေးလှူရှင်အသင်း

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ မေလ ၁၆ ရက်ကနေ ၁၉ ရက်အတွင်း နေ့အပူချိန်တွေမြင့်တက်ခဲ့ပြီး အဲဒီလေးရက်အတွင်းမှာ သေဆုံးသူ လူတစ်ရာနီးပါး ရှိခဲ့တယ်လို့ မုံရွာမြို့အခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့တွေက RFA ကို ပြောပါတယ်။

ဒီလေးရက်အတွင်းမှာ မုံရွာမြို့အခြေစိုက် ရုံးကြီးလူငယ်လူမှုကူညီရေးအသင်းကနေ သေဆုံးသူ ခုနစ်ဆယ်ခန့်နဲ့ သုခဟိတ နာရေးကူညီမှုနဲ့ သွေးလှူရှင်အသင်းကနေ သေဆုံးသူ ၃၁ ဦးတို့ကို မြို့မ၊ မြနန္ဒနာနဲ့ ပြည်တော်သာ သုသာန်တို့မှာ လိုက်လံသင်္ဂြိုဟ်ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ လသားအရွယ် ကလေးငယ်တွေကနေ အသက် ၁၀၅ နှစ်အထိ အသက်အရွယ်တွေ ပါဝင်ကြတယ်လို့ သုခဟိတ နာရေးကူညီမှုနှင့် သွေးလှူရှင်အသင်း တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ခုရက်အတွင်းတွေ တော်တော်လေးတော့ စိပ်တယ်ဗျ။ စိတ်မကောင်းတာက လက်ပွေ့ကလေးတွေ ဆုံးကြတာ စိတ်မကောင်းတာ။ တချို့ဟာလေးတွေက လေးလအရွယ်၊ ငါးလအရွယ်လေးတွေ"

မုံရွာမြို့က သုဿန်သုံးခုမှာ သူတို့အသင်းက ကူညီသင်္ဂြိုဟ်ပေးတဲ့ ရုပ်အလောင်းတွေအပါအဝင် မေလ ၁၉ ရက် မနေ့ကတစ်ရက်တည်းမှာတင် သေဆုံးရုပ်အလောင်း ၂၉ ခုအထိ ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ ရောဂါအခံရှိသူတွေနဲ့ သက်ကြီးပိုင်းအများစုပါဝင်ပြီး အပူဒဏ်ကို မခံနိုင်တာကြောင့် အသက်ဆုံးရှုံးရတာလို့ လူမှုကူညီရေးလုပ်နေသူ မြို့ခံတစ်ဦးက ပြောပါတယ်။

"၁၆၊ ၁၇၊ ၁၈၊ ၁၉ အဓိကက အဲဒီလေးရက်ပေါ့။ ၁၈၊ ၁၉ ရက်တွေက အများဆုံးပေါ့။ အဓိက ကတော့ ရောဂါအခံရှိတဲ့သူတွေနဲ့ အသက်ကြီးပိုင်းတွေပေါ့လေ။ ဒီအပူဒဏ်ကို လုံးဝမခံနိုင်လို့ အခုလိုတွေဖြစ်တာ။ ကျွန်တော်တို့ လူငယ်တွေတောင်မှ နေလို့မရအောင် ဆိုးတယ်။ မီးမလာတာလည်း ပါတာပေါ့"

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာသန်းနိုင်စိုးကတော့ အပူဒဏ်ကာကွယ်ရေး အသိပညာပေးတာနဲ့ အပူဒဏ်ကြောင့် မကျန်းမမာဖြစ်သူတွေကို ကုသပေးမှုတွေရှိနေကြောင်းနဲ့ မီဒီယာတွေကိုဖြေဆိုဖို့ကိစ္စကိုတော့ အထက်ကို တင်ပြပြီးမှသာ ဖြေဆိုနိုင်မှာဖြစ်တဲ့အကြောင်း တုံ့ပြန်ပြောဆိုပါတယ်။

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ချက်တွေအရ မုံရွာမြို့ရဲ့ အမြင့်ဆုံးအပူချိန်ဟာ မေလ ၁၆ ရက်နေ့ကနေ မေလ ၁၉ ရက်နေ့တွေအတွင်း ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ် (၁၀၄ ဒီဂရီဖာရင်ဟိုက်) အထက်မှာ ရှိခဲ့ပြီး မေလ ၁၇ ရက်နေ့ကတော့ အမြင့်ဆုံးအပူချိန်ဟာ ၄၅ ဒီဂရီဆဲလ်စီးယပ်စ် (၁၁၃ ဒီဂရီဖာရင်ဟိုက်) အထိ ရှိခဲ့ပါတယ်။

မုံရွာမြို့မှာ လျှပ်စစ်မီးရရှိချိန် နည်းပါးနေတာကြောင့် မြို့ပေါ်ဟိုတယ်တွေမှာလည်း မိသားစုလိုက် အပူရှောင်ကြတာတွေ ရှိနေသလို အပူချိန်ပြင်းထန်ခဲ့တာကြောင့်လည်း ဆေးရုံဆေးခန်းတွေမှာ လာရောက်ကုသသူတွေ များပြားနေတယ်လို့လည်း မြို့ခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။