ဘာသာရေး ခုတုံးလုပ်နေတာတွေ သတိထားကြဖို့ သံဃသမဂ္ဂ ထုတ်ပြန်

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ဘုန်းကြီးအတုတွေကို စစ်ကိုင်းနဲ့ မကွေးတိုင်းထဲမှာ စစ်အင်အား တိုးချဲ့ဖို့နဲ့ ရိက္ခာသယ်ဖို့ လုပ်နေတဲ့အတွက် ဘာသာရေးကို ခုတုံးလုပ် အသုံးချနေတာကြောင့် သတိထားကြဖို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
စစ်အစိုးရအဆက်ဆက် စစ်ခေါင်းဆောင်တွေဟာ နိုင်ငံရေးအကျပ်အတည်းဖြစ်လာတိုင်း ဘာသာရေးကို ခုတုံးလုပ်လေ့ရှိတယ်လို့ သံဃသမဂ္ဂအဖွဲ့က အဖွဲ့ဝင်ဆရာတော်တစ်ပါးက မိန့်ပါတယ်။
"စစ်အစိုးရဟာ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေ ဖန်းတီးတဲ့လုပ်ရပ်တွေ သမိုင်းတွေမှာ ရှိခဲ့တယ်၊ အခုလို ဘာသာရေးကိုအသုံးချပြီး နိုင်ငံရေး အမြတ်ထုတ်တာပဲဖြစ်ဖြစ်၊ စစ်ရေးလှုပ်ရှားမှုတွေ၊ ပြည်သူတွေ အပေါ်မှာ သင်္ကန်းအတုအယောင်တွေ ဝတ်ပြီးတော့မှ ဖိနှိပ်တာတွေကို သံဃသမဂ္ဂ အနေနဲ့ လုံး၀ ကန့်ကွက် ရှုတ်ချတယ်"
စစ်ကောင်စီတပ်တွေဟာ ဂန့်ဂေါ၊ ယော၊ ကလေး၊ အရာတော်နဲ့ မုံရွာနယ်တစ်ဝိုက်မှာ ဘုန်းကြီး အတုယောင် တွေ ဖန်းတီးပြီး လှုပ်ရှားနေတာ၊ သင်္ကန်းဆိုင်တွေက သင်္ကန်းတွေကို သာသနာရေးဆိုင်ရာ ကိစ္စ၊ အလှူ အတန်း ကိစ္စ၊ ရှင်ပြုရဟန်းခံ ကိစ္စတွေနဲ့ ပတ်သက်ခြင်းမရှိဘဲ သင်္ကန်းတွေ ရာချီ ဝယ်ယူတာတွေ၊ ဘုန်းကြီး ကျောင်းတွေက သင်္ကန်းတွေကို သိမ်းဆည်းတာတွေနဲ့ သာသနိက အဆောက်အအုံတွေမှာ တပ်စွဲနေထိုင်တာ တွေ လုပ်နေတယ်လို့ ပါရှိပါတယ်။
အခုလိုလုပ်ရပ်ကို ကန့်ကွက်ကြောင်းကို မနေ့က ဒီဇင်ဘာ ၂၄ ရက်နေ့မှာ စာထုတ်ပြန်ထားသလို နိုင်ငံတော် သဃမဟာနာယက ဆရာတော်ကြီးတွေဆီကိုလည်း လျှောက်ထားလွှာ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ RFA က ကြိုးပမ်းနေပါတယ်။
သံဃသမဂ္ဂ (မန္တလေး) အဖွဲ့ဟာ စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ အဖွဲ့အစည်းဖြစ်ပြီး နေ့စဉ်မပြတ် ဆန္ဒပြ နေတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။