ခင်ဦးမြို့နယ်က ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘို ဇာတိရွာ တိုက်ခိုက်မီးရှို့ခံရ

2022.11.24
ခင်ဦးမြို့နယ်က ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘို ဇာတိရွာ တိုက်ခိုက်မီးရှို့ခံရ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မုံလှရွာ မီးရှို့ခံထားရသည်အား ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ တွေ့ရစဉ်။
Photo: Citizen Journalist

မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘို ဇာတိရွာဖြစ်တဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မုံလှရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၃ ရက် မနေ့က လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို ဒီနေ့မှာလည်း နေအိမ်တွေ မီးရှို့ခံနေ ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မနေ့က လေကြောင်းကနေတိုက်ခိုက်မှုကြောင့် အသက် ၇ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် လေးဦးသေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရထားသလို လက်ရှိမှာလည်း နေအိမ်တွေ မီးရှို့ခံနေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုံလှရွာခံတစ်ဦးက ပြောပါတယ်။

“ကျမတို့ မုံလှရွာကို ရွာရဲ့တောင်ဘက်ပိုင်း စိန်မိုက်ကယ် ဘုရားကျောင်းရှိတဲ့ဘက် ခရစ်ယာန်ပိုင်းက စမီးရှို့နေတာ။ တစ်လုံးချင်းရှို့တာ မဟုတ်ဘူး ဆက်တိုက်ဆက်တိုက် ရှို့နေတာ။ အခုမီးက ရွာလယ်ခေါင်ကိုရောက်နေပြီ။ အခုတင် အိမ် ၂၀၀ ကျော်လောက် ရှိမယ်။ အခုမြောက်ပိုင်းကို ရှို့နေတုန်း အခုကျမတို့ မြင်နေရတယ်။ မီးခိုးတွေကို တအားပဲ မှိုင်းနေတာ”

နိုဝင်ဘာလ ၂၃ ရက် မနေ့က မုံလှရွာကို စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လေကြောင်းကနေ ပစ်ခတ်ခဲ့သလို အင်အား တစ်ရာလောက်ပါတဲ့ စစ်ကြောင်းက မြေပြင်ကနေ ဝင်ရောက် စီးနင်းခဲ့တာလို့ ဒေသခံ ကျေးရွာသားတွေကပြောပါတယ်။

အဲဒီဖြစ်စဉ်အတွင်း သေဆုံးသူတွေထဲမှာ အသက် ခုနစ်နှစ်အရွယ် ကလေးဟာ သေနတ် ကျည်ထိမှန်သေဆုံးတာဖြစ်ပြီး အသက် ၅၀ အရွယ် ဒေါ်မြ ကတော့ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။ အသက် ၂၀ အရွယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးကတော့ လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပြီး အသက် ၄၄ နှစ်နဲ့ အသက် ၅၀ အရွယ် အမျိုးသား နှစ်ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောက်ထပ် အသက် ၃၅ နှစ်အရွယ် မုံလှရွာသားတစ်ဦးကတော့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ မုံလှရွာအနီးက ကျောက်တိုင်ရွာမီးရှို့ခံရမှုကို မီးငြိမ်းသတ်ဖို့ လိုက်သွားစဉ် ပစ်ခတ် သတ်ဖြတ်တာ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အိမ်ခြေ ၇၀၀ လောက်ရှိတဲ့ အဲဒီရွာက အိမ်ခြေ ၂၀၀ ကျော်က ဘရင်ဂျီလို့ခေါ်တဲ့ ပေါ်တူဂီနွယ်ဝင် ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေ နေထိုင်ကြပြီး ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ အထက်တန်းကျောင်းတွေရှိတဲ့ ရွာကြီးတစ်ရွာလို့ ဒေသခံတွေ က ပြောပါတယ်။

ဇာတိရွာတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ ခရစ်ယာန်ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘိုဘက်ကတော့ ဘာမှထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

နိုဝင်ဘာလ ၂၃ ရက် မနေ့က မုံလှရွာနဲ့ ကပ်လျက်ရွာဖြစ်တဲ့ ရေဦးမြို့နယ် ပင်စိမ်းခင်း ရွာနားမှာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အခုမုံလှရွာကို ဝင်စီးနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူ ခေါ်ခဲ့တာလို့ ပြည်သူကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လေကြောင်းပစ်ခတ်မှုကြောင့် နောက်ထပ် PDF တပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်တာတွေ လည်း ရှိနိုင်ပြီး အရေအတွက်ကိုတော့ မသိရသေးဘူးလို့ မနေ့က တိုက်ပွဲမှာပါဝင်ခဲ့တဲ့ (KhinOo Supporting Organization) KSO အဖွဲ့ခေါင်းဆောင် ဗိုလ်လင်းရောင် ပြောပါတယ်။

“တိုက်ခိုက်ရေး ရဟတ်ယာဉ်ပေါ်ကနေ ဗုံးသီးလိုဟာမျိုးကြဲတာ အချက် ၂၀ ကျော် လောက်ကြဲတယ်။ ပြီးတော့ ဟိုဘက်တစ်ခု ဒီဘက်တစ်ခု စက်လက်ကြီးတွေပါတယ်။ ဒီတိုင်း အဲဒီစက်လက်ကြီးတွေနဲ့လည်း ပစ်တယ်ပေါ့။ Mi-35 က ကိုမန်ဒို အကြားရောင်နဲ့ အတိုင်းသားကို မြင်နေရတာ။ ကာကွယ်ရေးအဖွဲ့တွေက လေယာဉ်ကို ရှောင်ရင်း တိမ်းရင်း၊ ပြေးရင်းလွှားရင်း လုပ်နေတုန်း အောက်ခြေက စစ်ကြောင်းက ရွာထဲကို တရစပ်တွန်းပစ် ဝင်လာတာ။ အခုချိန်ထိ အဆက်အသွယ်မရသေးတဲ့ ကာကွယ်ရေး အဖွဲ့ဝင်တွေလည်း ရှိနေသးတယ်”

ရွာကို ဝင်ရောက် စီးနင်းခံထားရတာကြောင့် မုံလှရွာတစ်ရွာတည်းက ဒေသခံ ၃၅၀၀ လောက်ဟာ ဘေးလွတ်ရာ တောတောင်တွေ၊ စိုက်ခင်းယာခင်းတွေထဲကို ထွက်ပြေးနေရပြီး နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ဖြေဆိုတာ မရှိပါဘူး။

မုံလှရွာကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ရဟတ်ယာဉ် သုံးစီးနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လက်ရှိမှာတော့ ခင်ဦးမြို့နယ်ထဲမှာ စစ်ကြောင်းသုံးကြောင်းဝင်နေပြီး မုံလှရွာ၊ ရှင်မင်းဒွေရွာနဲ့ အလယ်ရှိုရွာတွေကို ဝင်ရောက် စီးနင်းထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၁၇ ရက်နေ့ကစလို့ ဒီနေ့ထိ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ကျွန်းလှ၊ ကန့်ဘလူ စတဲ့မြို့နယ်ထဲက ရွာတွေကို နေ့စဉ်ဆိုသလို ဝင်ရောက်စီးနင်းနေပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာရှိသလို အရပ်သားတစ်ချို့ သတ်ဖြတ်ခံရတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခင်ဦးတစ်မြို့နယ်ထဲမှာတော့ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ နိုဝင်ဘာ ၂၁ အထိ ရွာပေါင်း ၅၅ ရွာက နေအိမ်ပေါင်း ၂၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အပါအဝင် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို စုစုပေါင်း ၂၂၂ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ဒေသခံ ၆၁၂,၄၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။