မိုင်းရယ်မြို့နယ်မှာ ငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်သူ ရှစ်ဆယ်ကျော် ဖမ်းမိ
2025.02.08

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသမှာ ဖေဖော်ဝါရီလ ၅ ရက်နေ့ကနေ ၇ ရက်နေ့အတွင်း အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်နေသူ ၈၁ ဦးကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်း သတင်းစာကနေ ဖေဖော်ဝါရီလ ၈ ရက်နေ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိတဲ့သူတွေထဲမှာ တရုတ်နိုင်ငံသား ၂၉ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၈ ဦးနဲ့ မြန်မာနိုင်ငံသား ၃၄ ဦးတို့ကို ငွေကြေးလိမ်လည်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနဲ့အညီ အရေးယူဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒ့ါအပြင် မိုင်းရယ်မြို့နယ် အရှေ့တောင်ဘက်မှာရှိတဲ့ နောင်ဟန်ကျေးရွာအနီးကို ဝင်ရောက်ရှာဖွေချိန်မှာ ငွေလိမ်ဂိုဏ်းကို လုံခြုံရေးယူထားသူတွေနဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီပစ်ခတ်မှုမှာ ငွေလိမ်ဂိုဏ်း လုံခြုံရေးယူထားသူ နှစ်ဦးကို အသေဖမ်းဆီးရမိပြီး ငါးဦးကိုတော့ လက်နက်တွေနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
တရားမဝင် ငွေလိမ်ဂိုဏ်းတွေ ဖမ်းဆီးမိတဲ့ မိုင်းဟဒေသဟာ စစ်ကောင်စီလက်အောက်ခံ မိုင်းဟပြည်သူ့စစ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ထိန်းချုပ်နယ်မြေဖြစ်ပြီး ဖမ်းဆီးချိန်မှာ တရုတ်နိုင်ငံသားတချို့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ပစ်ကြခတ်ကြတာ ရှိတယ်။ အုပ်စုလိုက်တွေ ထွက်ပြေးကြတယ်။ အခုဖမ်းတယ်ဆိုတာ အသေးအဖွဲပဲ။ အများကြီး ရှိသေးတယ်။ မနေ့ကဖြစ်စဉ်မှာလည်း ထွက်ပြေးသွားတဲ့သူက သုံးရာလောက်ရှိတယ်လို့ သိရတယ်။ အဲဒီလူတွေက နောက်တစ်နေရာမှာ ပြန်စမှာပဲလေ”
ပြီးခဲ့တဲ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကလည်း တန့်ယန်းမြို့နယ်က အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်သူ တစ်ထောင်ကျော်ကို UWSA “ဝ” တပ်ဖွဲ့က ဖမ်းဆီးပြီး တရုတ်နိုင်ငံသား ခုနစ်ရာကျော်ကို အဲဒီနေ့မှာပဲ တရုတ်နိုင်ငံကို ပြန်လွှဲပေးခဲ့ပါတယ်။