နိုင်ငံခြားငွေလဲလုပ်ငန်း ၁၆ ခုကို အရေးယူလိုက်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်
2024.05.27
ဒေါ်လာစျေးတက်နေတာကို ထိန်းချုပ်ချင်နေတဲ့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်ဟာ လုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြားငွေလဲလုပ်ငန်း လုပ်ကိုင်နေတဲ့ လုပ်ငန်း ၁၆ ခုကို အရေးယူလိုက်တယ်လို့ မေလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီအထဲမှာ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ လုပ်ကိုင်နေသူတွေပါ ပါဝင်ပြီး အဲဒီလုပ်ငန်းတွေကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၃၈) နဲ့ (၄၂) တို့အပြင် အများပြည်သူထိခိုက်စေတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မတွေနဲ့ပါ အရေးယူထားတယ်လို့လည်း ဆိုပါတယ်။
နိုင်ငံခြားငွေ ဝယ်ရောင်းလုပ်ငန်းတွေကို အရေးယူလိုက်ရုံနဲ့ ဒေါ်လာဈေးကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူးလို့ ရန်ကုန်မြို့မှာ နိုင်ငံခြားငွေလဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက RFA ကိုပြောပါတယ်။
"ဗဟိုဘဏ်က နိုင်ငံခြားငွေလုပ်ငန်းတွေကို လိုင်စင်ပိတ်တာ၊ အရေးယူတာကလွဲပြီး ကျန်တာမလုပ်နိုင်တော့ဘူး ထင်ပါတယ်။ ဒီလိုလုပ်နေလို့ ဒေါ်လာဈေးက ကျလာမှာမဟုတ်ဘူး။ ပြည်တွင်းမှာ ဒေါ်လာရှားပါးလာတဲ့ ပြဿနာကို မဖြေရှင်းနိုင်သရွေ့တော့ ဈေးကျမှာမဟုတ်ဘူး"
ရွှေနဲ့ဒေါ်လာဈေး မြင့်တက်လာမှုအပေါ် ထိန်းချုပ်နိုင်ဖို့ ပြင်ပက နိုင်ငံခြားငွေလဲလုပ်ငန်းနဲ့ ငွေလွှဲလုပ်ငန်းတွေကို မကြာခဏ စစ်ဆေးအရေးယူနေတာလို့လည်း ဆိုပါတယ်။
မတ်လနဲ့ ဧပြီလအတွင်းမှာလည်း နိုင်ငံခြားငွေလဲလိုင်စင်ရ ကုမ္ပဏီ ၃၁ ခုကို စစ်ကောင်စီရဲ့ ဗဟိုဘဏ်က လုပ်ငန်းလိုင်စင်ပိတ်တာနဲ့ ယာယီရပ်ဆိုင်းတာတွေ လုပ်ခဲ့ပါတယ်။
ဒါ့အပြင် တရားမဝင် နိုင်ငံခြားငွေလဲလုပ်ငန်းတွေသာမက ဒစ်ဂျစ်တယ် ငွေကြေးရောင်းဝယ်မှုကိုပါ အရေးယူမယ်လို့ ဗဟိုဘဏ်က မေလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
မေလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ကျပ်ငွေ ၄၂၀၀ ကျပ်ဝန်းကျင်အထိ ရှိနေပြီး ဒါဟာ စစ်တပ်အာဏာမသိမ်းခင်ကထက် လေးဆနီးပါး မြင့်တက်လာတာပါ။