နိုင်ငံခြားငွေ ရောင်းချလဲလှယ်တဲ့ ကုမ္ပဏီ တစ်ရာကျော်ကို စစ်ကောင်စီပိတ်သိမ်း
2023.09.20
ဗဟိုဘဏ်ကထုတ်ပြန်ထားတဲ့ အမိန်နဲ့ စည်းကမ်းတွေကို မလိုက်နာတာကြောင့် နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့်ပေးထားတဲ့ ကုမ္ပဏီ ၁၂၃ ခုကို လိုင်စင် ရုပ်သိမ်းလိုက်ကြောင်း စစ်ကောင်စီရဲ့ ဗဟိုဘဏ်က စက်တင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဒီတစ်ကြိမ်နဲ့ပေါင်းရင် ၂၀၂၃ ဇန်နဝါရီကနေ စက်တင်ဘာလအထိ ကိုးလအတွင်း ပိတ်သိမ်းခံရတဲ့ နိုင်ငံခြားငွေ ရောင်းချလဲလှယ်တဲ့ ကုမ္ပဏီပေါင်း ၁၆၇ ခု ရှိနေပါပြီ။
၂၀၂၃ ဇန်နဝါရီလမှာ ကုမ္ပဏီ တစ်ခု၊ မတ်လမှာ ၂၀ ခု၊ ဇူလိုင်မှာ ဆယ်ခု၊ ဩဂုတ်လမှာ ၁၃ ခုနဲ့ အခုနောက်ဆုံး စက်တင်ဘာလမှာ ၁၂၃ ခု ပိတ်သိမ်းခံရတာပါ။
နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့် ရုပ်သိမ်းခံခဲ့ရတဲ့ ကုမ္ပဏီတွေထဲမှာ ရန်ကုန်မြို့က နာမည်ကြီး ဆီဒိုးနားဟိုတယ် အပါအဝင် ငွေလဲကောင်တာတွေ၊ ခရီးသွား ကုမ္ပဏီတွေ၊ လေကြောင်းလိုင်းတွေ၊ ဟိုတယ်တွေ၊ ဆောက်လုပ်ရေး ကုမ္ပဏီတွေ၊ ကျောက်မျက်ရတနာ ကုမ္ပဏီတွေ၊ ငွေကြေးနဲ့ Trading (ကုန်သွယ်ရေး) ကုမ္ပဏီတွေ ပါဝင်ပါတယ်။
ဒါ့အပြင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ရဲ့ လိုင်စင်ကိုပါ ၂၀၂၃ မတ်လ ၁၄ ရက်နေ့က ပိတ်သိမ်းခဲ့ပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ ဗဟိုဘဏ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဗဟိုဘဏ်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦး ကတော့ ဒါဟာ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်းကို မလိုက်နာတဲ့အတွက် အခုလို ပိတ်သိမ်းလိုက်တာလို့ ပြောပါတယ်။
ဒီနေ့ ပြင်ပဈေးကွက်မှာ အမေရိကန် တစ်ဒေါ်လာကို ကျပ် ၃၃၀၀ ကနေ ၃၅၀၀ ကြား ရှိနေပြီး ဗဟိုဘဏ် ရည်ညွှန်းဈေးက တစ်ဒေါ်လာကို ကျပ် ၂၁၀၀ နဲ့ ရောင်းချလဲလှယ်ဖို့ ဗဟိုဘဏ်က ပြီးခဲ့တဲ့နှစ် ဧပြီလကတည်းက အမိန့်ထုတ်ထားတာပါ။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ သတ်မှတ်ဈေးက ပြင်ပပေါက်ဈေးနဲ့ ကွာဟနေပြီး ကုမ္ပဏီတွေက အရောင်းအဝယ်မလုပ်ဘဲ ရပ်ထားတာကြောင့် အခုလို ပိတ်သိမ်းခံရတာလို့ ပြောပါတယ်။
"၂၀၂၂ ခုနှစ် ဧပြီလနောက်ပိုင်း နိုင်ငံတော်က ရည်ညွှန်းဈေးတွေ သတ်မှတ်လိုက်တဲ့ အချိန်မှာ အဲဒီဈေးနဲ့ ဘယ်သူမှ အရောင်းအဝယ် လုပ်လို့မရတော့ဘူး။ အရောင်းလည်း မရှိပါဘူး၊ အဝယ်လည်း မရှိပါဘူးဆိုပြီး နေ့စဉ် ဗဟိုဘဏ်ကို စာရင်းပို့ရတယ်။ မပို့နိုင်တာ တစ်နှစ်ကျော်လာတော့ ဒီကုမ္ပဏီတွေကို ဗဟိုဘဏ်က ပိတ်လိုက်တာ"
လိုင်စင်ပိတ်သိမ်းခံရတဲ့ထဲမှာ ပါဝင်တဲ့ ခရီးသွားကုမ္ပဏီတစ်ခုကတော့ နိုင်ငံခြားငွေ ဝယ်ယူရောင်းချ လဲလှယ်တာတွေကို ကိုဗစ်ကာလကစလို့ မလုပ်ကိုင်တော့ဘူးလို့ ပြောပါတယ်။
"ကျွန်တော်တို့ကတော့ နိုင်ငံခြားငွေလဲတာ မလုပ်တာ ကြာပါပြီ။ ကိုဗစ်ကာလ ကတည်းက ငွေလဲကိစ္စတွေ မလုပ်တော့တာ။ မလုပ်တာကြာလို့ ပိတ်တာ ထင်တယ်။ အခက်အခဲကတော့ မရှိပါဘူး။ လက်ရှိက လေယာဉ်လက်မှတ်ပဲ လုပ်တာဆိုတော့"
လိုင်စင်ပိတ်သိမ်းခံရတဲ့ စာရင်းထဲက ကုမ္ပဏီ ငါးခုရဲ့ ဖေ့ဘွတ်စ် လူမှုကွန်ယက် စာမျက်နှာတွေကို RFA က ရှာဖွေကြည့်ရာမှာလည်း ၂၀၂၀ ခုနှစ် ဝန်းကျင်ကစလို့ အသုံးမပြုတော့တာ တွေ့ရပါတယ်။