ပို့ကုန်ရငွေ လဲလှယ်မှု ကန့်သတ်ချက် ဗဟိုဘဏ် ဆယ်ရာခိုင်နှုန်း လျှော့ချ
2024.08.08
ပို့ကုန်တင်ပို့ရာကနေ ရရှိလာတဲ့ ပို့ကုန်ရငွေပမာဏရဲ့ ၂၅ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာအစား မြန်မာကျပ်ငွေနဲ့ လဲလှယ်ရမယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဩဂုတ်လ ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၉၊ ပုဒ်မခွဲ (ခ) အရ မြန်မာကျပ်ငွေနဲ့ လဲလှယ်ရမဲ့ ညွှန်ကြားချက်ဟာ ဒီကနေ့ သြဂုတ်လ ၈ ရက်နေ့မှာ စတင်မယ်လို့ ဆိုပါတယ်။
ဒါကြောင့် အရင်က ပို့ကုန်တင်ပို့သူတွေဟာ ရရှိလာတဲ့ ပို့ကုန်ရငွေတွေကို ကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာငွေ လဲလှယ်ပေးရမဲ့ ၃၅ ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်းပဲ လဲလှယ်ပေးရတော့မှာ ဖြစ်ပါတယ်။
ဒီလိုလျှော့ချမှုက စီးပွားရေးလုပ်ငန်းတွေအတွက် သိသာတဲ့ သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ ရန်ကုန်မြို့က ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
"အရင်က တစ်ဒေါ်လာ တစ်ထောင့်သုံးရာလောက်ရှိတာကို၊ အခု အပြင်မှာ ငါးထောင်ကျော်နေပြီ၊ ပို့ကုန်ရငွေ ဒေါ်လာတစ်ရာ ရရင် သူတို့ကို အခု ၂၅ ရာခိုင်နှုန်းပေးရမယ်။ သူတို့က ဗဟိုဘဏ်ပေါက်စျေး သတ်မှတ်စျေး (၂၁၀၀) နဲ့ တွက်ပြီး မြန်မာငွေ ပေးတာလေ။ အပြင်ပေါက်စျေးအတိုင်း ပေးတာမှ မဟုတ်တာ၊ ဒါကြောင့် ဆယ်ရာခိုင်နှုန်းနဲ့ ဘာမှမထူးဘူးလို့ ပြောတာပါ"
စစ်အာဏာသိမ်းပြီးနောက် အမေရိကန်ဒေါ်လာငွေ လိုအပ်ချက်ကြောင့် ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်တွေကို ပို့ကုန်ရငွေရဲ့ ၃၅ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေလဲလှယ်ဖို့ ဗဟိုဘဏ်က ညွှန်ကြားခဲ့တာပါ။
ဒါပေမဲ့လည်း အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်းဟာ ကျဆင်းသွားတာမရှိဘဲ ဩဂုတ်လ ၈ ရက် ဒီကနေ့မှာပဲ အမေရိကန်တစ်ဒေါ်လာကို ငွေကျပ် ၅၅၀၀ အထိ ရှိလာပါတယ်။
စစ်ကောင်စီဟာ အာဏာမသိမ်းခင်က ပို့ကုန်ရငွေ ပြန်ဝင်ရောက်တာ မရှိခဲ့တဲ့ ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်နဲ့ ကုမ္ပဏီတွေကိုလည်း အရေးယူမှုတွေ လုပ်နေပါတယ်။