ပို့ကုန်ရငွေ ပြန်ဝင်တဲ့ကုမ္ပဏီ ခြောက်ဆယ်ခန့် အမည်ပျက်စာရင်းကနေ ပယ်ဖျက်
2024.09.27

၂၀၁၉ ခုနှစ်အတွင်း ပြည်ပကို ပို့ကုန်တင်ပို့ပြီး ရငွေ ပြန်ဝင်တဲ့ကုမ္ပဏီ ၅၉ ခုကို အမည်ပျက်စာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က စက်တင်ဘာလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီနှစ်အတွင်း ပို့ကုန်ရငွေ ပြန်မဝင်တဲ့ ကုမ္ပဏီပေါင်း ၁၃၇ ခုကို စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် ဇွန်လအတွင်း အမည်ပျက်စာရင်းသွင်းပြီး အရေးယူမှုတွေ လုပ်ခဲ့တာပါ။
အာဏာသိမ်းပြီးနောက် အရေးယူပိတ်ဆို့မှုတွေကြောင့် နိုင်ငံခြားငွေ လိုအပ်ချက်ရှိနေတဲ့ စစ်ကောင်စီဟာ ၂၀၁၈ ခုနှစ်ကစလို့ ပြည်ပကို ကုန်ပစ္စည်းတင်ပို့ပြီးတဲ့ ကုမ္ပဏီတွေအနေနဲ့ ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်ရမယ်လို့ တင်းကျပ်ကန့်သတ်ခဲ့ပါတယ်။
ပို့ကုန်၊ သွင်းကုန် လုပ်ငန်းတွေမှာ နိုင်ငံခြားကို ကုန်ပစ္စည်းတင်ပို့ပြီးနောက် ပို့ကုန်ရငွေတွေ ပြည်တွင်းထဲက ကုမ္ပဏီဘဏ်အကောင့်တွေဆီ ပြန်ဝင်ရောက်ရမှာဖြစ်ပါတယ်။
ဒါပေမဲ့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တချို့ဟာ တစ်ဘက်နိုင်ငံကို ငွေလက်ငင်းစနစ်နဲ့ ရောင်းချတာ၊ ငွေကြိုပေးနစ်နဲ့ ရောင်းချတာအပြင် တရားမဝင် ငွေလွှဲနဲ့ အရောင်းအဝယ် လုပ်ခဲ့ကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီက ကန့်သတ်တင်းကျပ်လိုက်တဲ့အခါ ကုမ္ပဏီပိုင်ရှင်တွေ အမည်ပျက်စာရင်း သွင်းခံရတာနဲ့ တရားစွဲဆို အရေးယူခံရတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့အတွက် အာရှနိုင်ငံတွေကို ပို့ကုန်တင်ပို့ရင် စပြီးတင်ပို့တဲ့ရက်ကနေ ရက်ပေါင်း သုံးဆယ်အတွင်း ပို့ကုန်ရငွေ ပြန်ဝင်ရောက်ဖို့နဲ့ တခြားနိုင်ငံတွေကိုတော့ ရက်ပေါင်း ခြောက်ဆယ်အတွင်း ပို့ကုန်ရငွေ ပြန်ဝင်ဖို့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက သတ်မှတ်ခဲ့ပါတယ်။
ဒါတွေကိုမလိုက်နာရင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူမယ်လို့လည်း စစ်ကောင်စီ ဗဟိုဘဏ်က ပြောထားပါတယ်။