စစ်ကောင်စီကို ကူညီနေတဲ့ ဗဟိုဘဏ်ကို ပိတ်ဆို့အရေးယူဖို့ ရှောင်တာနဲလ် တောင်းဆို
2024.07.12

စစ်ကောင်စီရဲ့ လူမဆန်ရက်စက်တဲ့လုပ်ရပ်တွေအတွက် ငွေကြေးထောက်ပံ့ကူညီပေးနေတဲ့ ဗဟိုဘဏ်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဗဟိုဘဏ် အထူးအကြံပေး ပါမောက္ခ ရှောင်တာနဲလ် (Sean Turnell) က နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။
အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (USIP) မှာ ဇူလိုင် ၁၁ ရက်နေ့ က How Myanmar’s Central Bank Facilitates the Junta’s Oppression ခေါင်းစဉ်နဲ့ ဖော်ပြတဲ့ သူ့ရဲ့ဆောင်းပါးမှာ တောင်းဆိုလိုက်တာပါ။
မြန်မာနိုင်ငံမှာ ရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းလိုက်တဲ့ သုံးနှစ်တာကာလအတွင်း ဗဟိုဘဏ်ဟာ စစ်ကောင်စီက လူထုကို ဖိနှိပ်ရာမှာ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီအတွက် လက်နက်ဝယ်ယူဖို့ အဓိကပံ့ပိုးတာနဲ့ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်ရှားနိုင်ဖို့ ဗဟိုဘဏ်က ကူညီနေတယ်လို့ ပါမောက္ခ ရှောင်တာနဲလ်က ပြောဆိုထားပါတယ်။
ဗဟိုဘဏ်ဟာ စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို ကူညီပေးနေသလို ရာဇဝတ်မှုကျူးလွန်သူတွေကိုလည်း ကူညီပေးနေတဲ့ ယန္တရားဖြစ်နေကြောင်း၊ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရုရှား၊ အီရန်နဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေက ဗဟိုဘဏ်တွေကို ပိတ်ဆို့အရေးယူခဲ့သလို မြန်မာနိုင်ငံက ဗဟိုဘဏ်ကိုလည်း အရေးယူသင့်တယ်လို့ ရှောင်တာနဲလ် က ထောက်ပြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က အမေရိကန်ပြည်ထောင်စု နယူးယောက်ဖက်ဒရယ်ဘဏ် Federal Reserve Bank of New York မှာ အပ်ထားတဲ့ အရန်ဘဏ္ဍာငွေ တစ်ဘီလီယံကို စစ်တပ်အာဏာသိမ်းချိန်မှာ စစ်ကောင်စီ ထုတ်ယူရွှေ့ပြောင်းလို့မရအောင် အမေရိကန်အစိုးရက ထိန်းချုပ်ခဲ့ပါတယ်။ အခုချိန်ဟာ စစ်ကောင်စီ ဗဟိုဘဏ်ကို တရားဝင်ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့အချိန်တန်ပြီဖြစ်ပြီး အမေရိကန်နဲ့ တခြားနိုင်ငံတွေ ပူးပေါင်းပါဝင်ဖို့လည်း မစ္စတာရှောင်တာနဲလ်က တိုက်တွန်းလိုက်ပါတယ်။
ဗဟိုဘဏ်က စစ်ကောင်စီအတွက် ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေပေးပြီး စစ်တပ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါဖြစ်လာကြောင်း၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တယ်လို့ ယူဆရတဲ့ လူပေါင်း ၁၈,၀၀၀ ရဲ့ ဘဏ်အကောင့်တွေကို သိမ်းဆည်းခဲ့ကြောင်းလည်း မစ္စတာ ရှောင်တာနဲလ်က ဆိုပါတယ်။
တဆက်တည်းမှာပဲ အွန်လိုင်းအသုံးပြုတဲ့ မိုဘိုင်းငွေ ဘဏ်စာရင်းတွေကို စောင့်ကြည့်ဖို့ ဗဟိုဘဏ်က ညွှန်ကြားထားပြီး အွန်လိုင်းငွေကြေးအသုံးပြုတဲ့စနစ်ဟာ စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် ထိန်းချုပ်ဖို့ စောင့်ကြည့်ရာမှာ မရှိမဖြစ် အရေးပါတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့လည်း ပြောထားပါတယ်။