ငွေထုတ်ယူမှုတွေ ကန့်သတ်မထားကြောင်း ဗဟိုဘဏ် တုံ့ပြန်
2024.07.10

ပုဂ္ဂလိကဘဏ်တွေကနေ ငွေသားထုတ်ယူမှုကို ကန့်သတ်မထားဘူးလို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင်က ဇူလိုင်လ ၁၁ ရက်နေ့ထုတ် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေကတစ်ဆင့် ပြောဆိုပါတယ်။
ဘဏ်အပ်ငွေအမျိုးအစားအသစ်ဖြစ်တဲ့ အထူးငွေသားအပ်နှံမှုအကောင့် (Special Account) ကနေ အပ်နှံငွေတွေကို အကန့်အသတ်မရှိ ထုတ်ပေးနေတယ်လို့လည်း သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်တွင်း ပုဂ္ဂလိကဘဏ် ခုနစ်ခုကို အိမ်ရာချေးငွေကို ကန့်သတ်ချက်ထက် ပိုထုတ်ချေးထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အရေးယူပြီးနောက် ဘဏ်မှာ ငွေထုတ်ယူသူတွေ များပြားတာပါ။
အဲဒီနောက် ပြည်တွင်းဘဏ်တွေမှာ ငွေသားပြတ်လပ်မှုတွေ ဖြစ်လာပြီး ငွေထုတ်ယူသူတွေကို လိုသလောက်မပေးတော့ဘဲ နေ့စဉ် ငွေကျပ် ဆယ်သိန်းသာထုတ်ပေးတဲ့ အခြေအနေအထိ ဖြစ်လာတာပါ။
ဘဏ်တွေမှာ ငွေထုတ်ယူသူ များတာကြောင့် တန်းစီစနစ်နဲ့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတဲ့အပြင် ATM စက် (အလိုအလျောက်ငွေထုတ်စက်) တွေမှာလည်း ငွေသားလက်ကျန်တွေ မရှိတော့ဘူးလို့ ကမ္ဘောဇဘဏ် ငွေစာရင်းသုံးစွဲသူ ရန်ကုန်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌကတော့ ဘဏ်တွေမှာ ငွေထုတ်ယူမှု များပြားလာတာဟာ မီဒီယာတွေနဲ့ မသမာတဲ့ စီးပွားရေးသမားတွေရဲ့ လှုံ့ဆော်မှုတွေကြောင့်လို့ စွပ်စွဲပါတယ်။
ဇူလိုင်လ ၁၀ ရက်နေ့ကတော့ စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အပါအဝင် ဗဟိုဘဏ် ထိပ်ပိုင်းခေါင်းဆောင်တွေ၊ ပြည်တွင်းပုဂ္ဂလိဘဏ် ထိပ်တန်းတာဝန်ရှိသူတွေနေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
ပြည်တွင်းဘဏ်တွေက သတ်မှတ်စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တာကြောင့် နိုင်ငံ့စီးပွားရေးမူဝါဒတွေလည်း ထိခိုက်လာလို့ ကြီးကြပ်နေရကြောင်းနဲ့ လုပ်ထုံးလုပ်လုပ်နည်းတွေကို ဖောက်ဖျက်ရင် အရေးယူမဲ့အကြောင်း ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဒီတွေ့ဆုံပွဲမှာ ပြောပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ကတော့ ပြည်တွင်းစီးပွားရေး တည်ငြိမ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေါ်လာ ငွေလဲနှုန်း၊ ပို့ကုန်သွင်းကုန်ရငွေနဲ့ ငွေလွှဲလုပ်ငန်းတွေကို အဆင့်ဆင့် တင်းကျပ်တာနဲ့ အရေးယူတာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကလည်း တရားမဝင် ဒီဂျစ်တယ် ငွေကြေးရောင်းဝယ်သူနဲ့ နိုင်ငံခြားငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ လူလေးဆယ်နီးပါးကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေတွေနဲ့ အရေးယူခဲ့ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပါတယ်။