နိုင်ငံခြားငွေလဲလှယ်ခွင့်ရကုမ္ပဏီ ဆယ်ခုကို လိုင်စင်ရုပ်သိမ်း

RFA Burmese
2023.07.13
နိုင်ငံခြားငွေလဲလှယ်ခွင့်ရကုမ္ပဏီ ဆယ်ခုကို လိုင်စင်ရုပ်သိမ်း အမေရိကန် ဒေါ်လာငွေနှင့် မြန်မာ ကျပ်ငွေများအား ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့် လိုင်စင်ရ ကုမ္ပဏီ ၁၀ ခုဟာ ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိတာကြောင့် လိုင်စင်ရုပ်သိမ်းလိုက်တယ်ဆိုပြီး စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဇူလိုင်လ ၁၂ ရက် မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လိုင်စင်ရုပ်သိမ်းခံရတဲ့ ကုမ္ပဏီတွေကတော့ Kannan Trading Co, Ltd၊ Net Change Co, Ltd၊ Thira Aung Si Trading Co , Ltd၊ Riverwood Group Co, Ltd၊ Global Myanmar Services Co, Ltd၊ D-Gold Trading Co, Ltd၊ Aurum Image Co, Ltd၊ Hi Welcome Travel @ Tours Co, Ltd၊ Sweeties Pearls Co, Ltd၊ Chase Travels & Tours Co, Ltd တို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမှုဆောင်ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ အခုလို လိုင်စင်ရုပ်သိမ်းတာလို့ ဗဟိုဘဏ်ထုတ်ပြန်ချက်မှာ ပါရှိပေမယ့် ဘယ်လိုအမိန့်ညွှန်ကြားချက်တွေကို ဖောက်ဖျက်ခဲ့တယ်ဆိုတာတော့ မဖော်ပြထားပါဘူး။

လိုင်စင်ရုပ်သိမ်းခံရတဲ့ ကုမ္ပဏီတွေကို ရုပ်သိမ်းခံရတဲ့အကြောင်းအရင်းနဲ့ ပတ်သက်ပြီး RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လုံခြုံရေးအရ လက်ခံဖြေကြားမှု မရှိကြပါဘူး။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်ရကုမ္ပဏီလုပ်ငန်းရှင် တစ်ဦးကတော့ လက်ရှိမှာ ဗဟိုဘဏ်ရဲ့ မူဝါဒဟာ မတည်ငြိမ်ဘူးလို့ ဝေဖန်ပါတယ်။

“သူတို့ မူဝါဒက မငြိမ်ဘူး။ ပိတ်ချင်လည်း ပိတ်လိုက်တာပဲ။ ဘာတွေမှန်း မသိဘူး။ တစ်ခုတော့ရှိတယ် စည်းမျဉ်း၊ စည်းကမ်းနဲ့ မညီဘူးဆိုတော့ ဘယ်လိုမညီတာလဲ ဒါတော့ ဖော်ပြသင့်တာပေါ့”

လက်ရှိမှာ ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်ခွင့်ရ ကုမ္ပဏီတွေကို အမေရိကန် တစ်ဒေါ်လာကို ကျပ်ငွေ ၂၁၀၀ ကျပ်နဲ့ လဲလှယ်ဖို့၊ တစ်နေ့ အမေရိကန်ဒေါ်လာ တစ်သောင်းထက်ပိုပြီး မလဲလှယ်ဖို့နဲ့ လာရောက်စစ်ဆေးတဲ့အခါ စာရင်းပြသနိုင်ဖို့ စတဲ့ စည်းကမ်းချက်တွေ ချမှတ်ထားတာရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လကလည်း ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ Money Changer ကုမ္ပဏီ ၂၀ ရဲ့ လုပ်ငန်းလိုင်စင်တွေ ရုပ်သိမ်းခံခဲ့ရပါတယ်။

စစ်ကောင်စီနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တွေကို ပိတ်ဆို့အရေးယူလိုက်ကြောင်း အမေရိကန်နိုင်ငံက ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က ကြေညာခဲ့ပါတယ်။

အဲဒီနောက် ပြည်တွင်းက နိုင်ငံရေးငွေလဲလှယ်ရေးလုပ်ငန်းတွေနဲ့ ရွှေလုပ်ငန်းရှင်တွေကို ခေါ်ယူစစ်ဆေးတာတွေလည်း ရှိလာနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။