မတ်လအတွင်း နိုင်ငံခြားငွေလဲလှယ်ခွင့်ကုမ္ပဏီ ကိုးခုကို စစ်ကောင်စီ အရေးယူ
2024.03.14
၂၀၂၄ ခုနှစ် မတ်လအတွင်း နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်ရထားတဲ့ကုမ္ပဏီ ကိုးခုကို လိုင်စင်ဖျက်သိမ်းတာအပါအဝင် အရေးယူဆောင်ရွက်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ဗဟိုဘဏ်က ထုတ်ပြန်ထားချက်တွေကို မလိုက်နာတာကြောင့် ကုမ္ပဏီသုံးခုကို လုပ်ငန်းလိုင်စင်ဖျက်သိမ်းလိုက်တာလို့ မတ်လ ၁၄ ရက်နေ့မှာ ဗဟိုဘဏ်က ကြေညာပါတယ်။
နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်ရထားတဲ့ Archipelago Seamen Club ကုမ္ပဏီ၊ SJ Vita Myanmar ကုမ္ပဏီနဲ့ M Plus Myanmar စတဲ့ ကုမ္ပဏီသုံးခုကို လိုင်စင်ပိတ်သိမ်းခဲ့တာပါ။
ဒါ့အပြင် မတ်လ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာလည်း Sweet Yadanar ကုမ္ပဏီနဲ့ Ngwe Myinn Phyu ကုမ္ပဏီတွေကိုလည်း နိုင်ငံခြားငွေ ဝယ်ယူရောင်းချခွင့်လိုင်စင် ခြောက်လပိတ်ခဲ့တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။
မတ်လ ၆ ရက်နေ့နဲ့ ၈ ရက်နေ့တွေကလည်း ရွှေနဲ့ငွေကြေးစျေးကွက်စောင့်ကြည့် ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီက ဦးဆောင်ပြီး ဗဟိုဘဏ်နဲ့ ရန်ကုန်မြို့တော်စည်ပင်ကော်မတီတွေက နိုင်ငံခြားငွေဝယ်ယူရောင်းချလဲလှယ်ရေးလုပ်ငန်းတွေကို ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။
အဲလို ဝင်ရောက်စစ်ဆေးရာမှာ Thura Nay Tun (Fame Money Changer)၊ Lead Star Money Changer၊ Steber Group Money Changer နဲ့ Asia Shwe Thee စတဲ့ ကုမ္ပဏီလေးခုကို စည်းမျဉ်းစည်းကမ်းနဲ့ ညွှန်ကြားချက်တွေ ချိုးဖောက်တာကြောင့် နိုင်ငံခြားငွေလဲလှယ်ခွင့်လိုင်စင် သုံးလရပ်ဆိုင်းကြောင်း မတ်လ ၁၁ ရက်နေ့က ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ကလည်းနိုင်ငံခြားငွေလဲလှယ်ခွင့်လိုင်စင်ရ ကုမ္ပဏီ ၁၂၃ ခုကို စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လိုင်စင်ရုပ်သိမ်းခဲ့ပါတယ်။