မွန်ဝန်ကြီးချုပ်နဲ့ တနင်္သာရီတိုင်း လွှတ်တော်အကြီးအကဲတွေကိစ္စ ဦးဉာဏ်ဝင်း ပြော


2017.01.09
nyanwin-620.jpg NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း ကို တွေ့ရစဉ်
Photo: Thiha Tun/RFA

တိုင်ကြားခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တနင်္သာရီတိုင်း လွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌ တို့ထဲက တစ်ဦးဟာ တိုင်ကြားချက်တွေနဲ့ ငြိစွန်းနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း က ပြောပါတယ်။

တိုင်ကြားခံထားရသူ ၃ ဦးနဲ့ပတ်သက်ပြီး စစ်ဆေးတွေ့ရှိထားတဲ့ အခြေအနေကို ဒီနေ့ ရန်ကုန်မြို့က ပါတီရုံးချုပ်မှာ သတင်းသမားတွေက မေးမြန်းစဉ် ဦးဉာဏ်ဝင်း က အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

"ဒီလိုဖြစ်စဉ်မျိုးဖြစ်မယ်ဆိုတာ ကျနော်တို့ အစောကြီးကတည်းက မှန်းထားပါတယ်၊ ကျနော်တို့ ၂ဝ၁၅ ရွေးကောက်ပွဲဝင်တယ်၊ လူတွေအများကြီးဝင်တယ် စိစစ်တာကိုက ကျနော်တို့ အချိန်သိပ်မရဘူး၊ အချိန်နည်းတဲ့အခါမှာ ကျေကျေနပ်နပ်ကြီး အကုန်မစိစစ်နိုင်ဘူး၊ ဒီလိုအမှားမျိုးတွေ ဒီလိုလူမျိုးတွေ ပါလာမယ်ဆိုတာလည်း မျှော်မှန်းထားပါတယ်၊ ပါလာရင်လည်း ပါလာသလို သန့်ရှင်းအောင်လုပ်ရမှာပေါ့"

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးဟာ ပြည်နယ်ဖံ့ွဖြိုးရေးလုပ်ဆောင်ပေးမှု မရှိတဲ့အပြင် ဝန်ကြီးချုပ် တစ်ဦးရဲ့တာဝန်တွေကို ကျေပွန်အောင်မထမ်းဆောင် လို့ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြည်နယ်အစိုးရ အဖွဲ့ဝင်တချို၊့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေက တိုင်ကြားထား တာဖြစ်ပါတယ်။

တနင်္သာရီတိုင်းလွှတ်တော် ဥက္ကဌ ဦးခင်မောင်အေး ကိုတော့ လွှတ်တော်ရေးရာကော်မတီတွေ ဖွဲ့စည်းပေးနိုင်ခြင်း မရှိသေးတာကြောင့်ဆိုတဲ့ စွပ်စွဲချက်၊ လွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်စိုး ကို လွှတ်တော်အဆောက်အအုံ ဆောက် လုပ်ဖို့ တင်ဒါခေါ်ယူရာမှာ မိသားစုဆွေမျိုးတွေနဲ့ နီးစပ်တဲ့ ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုင်း လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦးက တိုင်ကြားထားတာဖြစ်ပါတယ်။

တိုင်ကြားခံထားရသူ ၃ ဦးနဲ့ပတ်သက်ပြီး ဦးဉာဏ်ဝင်း၊ ဦးကျော်ဟိုးနဲ့ ဒေါက်တာမျိုးညွန့်တို့ ၃ ဦးပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။

အဲဒီအဖွဲ့ဟာ တိုင်ကြားထားသူတွေနဲ့ တိုင်ကြားခံထားရသူတွေကို ခေါ်ယူစစ်ဆေးခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ထံ အစီရင်ခံစာ တင်ပြထားပြီးဖြစ် တယ်လို့ သိရပါတယ်။

တိုင်ကြားခံထားရသူ ၃ ဦးနဲ့ပတ်သက်ပြီး အရေးယူမှုအပိုင်းကို မကြာခင်မှာ ထုတ်ပြန်ပေးမှာ ဖြစ်တယ်လို့လည်း ဦးဉာဏ်ဝင်း က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။