မိသားစုကို ဓားစာခံအဖြစ်ဖမ်းတာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်
အေးအေးမွန်(အော်စလို)
2021.06.04
2021.06.04
စစ်အာဏာသိမ်းတာကို ဆန့်ကျင်တော်လှန်နေတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားတွေ၊ CDM ဝန်ထမ်း တွေကို စစ်ကောင်စီတပ်တွေက ဝင်ဖမ်းတဲ့အခါ သူတို့လိုချင်တဲ့သူကို မတွေ့ရင် မိသားစုဝင်တွေကို ဖမ်းဆီး တာတွေအပြင် ထောင်ချတာတွေပါ ရှိနေပါတယ်။
အဲဒီလို ဖမ်းဆီးထောင်ချခံရတဲ့ အထဲမှာ အသက် ၆၀ ကျော်အရွယ် သက်ကြီးရွယ်အို အမျိုးသမီးတွေလည်း ပါဝင်နေပါတယ်။
ပဲခူးတိုင်း အနောက်ဘက်ခြမ်း ဥသျှစ်ပင်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုမင်းမင်းဦးရဲ့ အိမ်ကို စစ်ကောင်စီတပ်တွေက ဇွန် ၂ ရက်မှာ ရှာဖွေခဲ့ပါတယ်။ သူတို့ ဖမ်းမယ့်သူကို မတွေ့တဲ့အခါ ကိုမင်းမင်းဦးရဲ့ အသက် ၆၀ အရွယ်မိခင်နဲ့ အသက် ၄၀ ကျော်အရွယ် ဇနီးဖြစ်သူတို့ကို ဖမ်းသွားကြပါတယ်။
သူတို့ကို အခုချိန်အထိ ဘယ်ကို ခေါ်သွားသလဲဆိုတာ အတိအကျ မသိရဘူးလို့ လုံခြုံရေးအရ နာမည်မဖော် လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ယောက်က RFA ကို ပြောပါတယ်။
“မနေ့က မနက်ပိုင်းပေါ့ ကိုမင်းမင်းဦးကို လာရှာတာ မတွေ့တော့ အမေနဲ့မိန်းမကို ခဏခေါ်သွားတာတဲ့။ ကိုမင်းမင်းဦးက ဒီဘက်မှာ တက်ကြွတဲ့ လူငယ်ခေါင်းဆောင်ပေါ့။ သူက နာမည်ထွက်တော့ သူ့ကို လာပြီး ရှာနေကြတာတဲ့။ မနေ့က ညနေအထိတော့ ပြန်လွှတ်တယ်လို့ မကြားသေးဘူး။ ဘယ်ခေါ်သွားတာလဲ မသိသေးဘူး။”
စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ် ကိုတင်ထွဋ်ပိုင်ရဲ့အိမ်ကို မေ ၂ ရက်နေ့က စစ်ကောင်စီတပ် အင်အား ၂၀၀ လောက် ရောက်လာခဲ့ ပါတယ်။
"ကျနော့်အဖွားဆို အသက် ၉၀ ကျော်ပြီ။ သေနတ်နဲ့အရိုက်ခံရ၊ လက်သီးနဲ့ အထိုးခံရတယ်"
ကိုတင်ထွဋ်ပိုင်ကို မတွေ့တဲ့အခါ အသက် ၉၀ ကျော် အဖွားနဲ့ အသက် ၆၄ နှစ်အရွယ် မိခင် ဒေါ်မိငယ် တို့ကို ရိုက်နှက်ပြီး မိခင်ဖြစ်သူကို ဖမ်းသွားပါတယ်။
မေ ၂၈ ရက်မှာတော့ အသက် ၆၄ နှစ်အရွယ် ဒေါ်မိငယ် ကို စစ်ကောင်စီက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ပါတယ်။
သက်ကြီးရွယ်အို အမျိုးသမီးတွေကို ဒီလောက်ထိ ရက်စက်မယ်လို့ မထင်ခဲ့မိဘူးလို့ ကိုတင်ထွဋ်ပိုင်က ပြောပါတယ်။
“တွေးတယ်ပေါ့။ အဲလောက်ကြီး ယုတ်မာလိမ့်မယ် မထင်ဘူးပေါ့။ ကျနော်တို့က မြို့ပေါ်မှာဆိုရင် အဲလောက်ကြီး လုပ်လောက်လိမ့်မယ် မထင်ဘူးပေါ့နော်။ လုပ်လည်း နည်းနည်းပါးပါး ခေါ်မေးမယ်။ စစ်မယ်လောက်ပဲ ထင်ထားတာ။ အခုတော့ အိမ်ထဲဝင်လာပြီး တွေ့သမျှပစ္စည်းတွေ ရိုက်ခွဲ၊ အသက် ကြီးပိုင်း အမျိုးသမီးတွေဆိုရင် မလုပ်လောက်ဘူးထင်တာ၊ တကယ်တမ်းကျတော့ ကျနော့်အဖွားဆို အသက် ၉၀ ကျော်သွားပြီ။ သေနတ်နဲ့အရိုက်ခံရ၊ လက်သီးနဲ့ အထိုးခံရတဲ့ အထဲပါတယ်။ ဒါဟာ ကျနော်တို့နိုင်ငံမှာ အာဏာရှင် လက်ကိုင်တုတ်၊ လက်ပါးစေတွေက ပြည်သူကို ဖိနှိပ်တယ်ဆိုတာ သက်သေထပ်ပြသွားတာပဲ။”
အရင်ကတည်းက အလုပ်ကိစ္စကြောင့် အိမ်မှာမနေဖြစ်တာ ကြာပြီဖြစ်ပြီး တော်လှန်ရေးကာလမှာ မိသားစုနဲ့ လုံးဝအဆက်သွယ် မလုပ်ဖြစ်ခဲ့တဲ့အကြောင်း၊ မိခင်ဟာ နှလုံးရောဂါနဲ့ အမျိုးသမီးရောဂါတချို့ ခံစားနေရတဲ့ အပြင် ဖမ်းဆီးချိန်က အရိုက်ခံထားရတဲ့ ဒဏ်တွေ ခံစားနေရတဲ့အကြောင်း၊ အင်းစိန်အကျဉ်းထောင်မှာလည်း နိုင်ငံရေးပြစ်မှုနဲ့ ထောင်ကျသူတွေကို သီးသန့်မထားတော့ဘဲ ရာဇဝတ်မှုကျုးလွန်သူတွေနဲ့ အတူထားတာ ကြောင့် စိတ်ဒုက္ခ ခံစားနေရတယ်လို့ ကြားရတာမို့ မိခင်ဖြစ်သူအတွက် ကိုတင်ထွဋ့်ပိုင် စိုးရိမ်နေပါတယ်။
မိခင်ကိုစိုးရိမ်လို့ မိသားစု ဆွေမျိုးတွေဆီ ဆက်သွယ်မေးမြန်းဖို့ကလည်း မိခင်လို အဖြစ်မျိုး ထပ်ဖြစ်မှာ စိုးတာကြောင့် မဆက်သွယ်ရဲဘူးလို့ ကိုတင်ထွဋ်ပိုင်က ပြောပါတယ်။

အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်သူ ဒေါ်မိငယ်အတွက် ရှေ့နေလိုက်ခွင့်မရဘဲ စစ်ခုံရုံး ကနေ တိုက်ရိုက်ထောင်ဒဏ် အမိန့်ချခဲ့တာ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာမှာ ထုတ်ပြန်လိုက်တဲ့ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေမှာ “အသက် ၆၀ နှစ်နဲ့အထက် ကို သက်ကြီးရွယ်အိုလို့ သတ်မှတ်ထားပြီး ရိုက်နှက်တာ၊ နှုတ်နဲ့စော်ကားတာ၊ ဘေးအန္တရာယ်ဖြစ်စေတာ အပါ အဝင် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်တာဟာ မတရားပြုကျင့်တာဖြစ်အကြောင်း၊ သက်ကြီးရွယ်အို တွေအနေနဲ့ နှိပ်စက်ညှဉ်းပန်းတာ၊ မတရားပြုကျင့်တာတွေကနေ အကာအကွယ် ရပိုင်ခွင့်ရှိအကြောင်း” ဖော် ပြထားပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ စစ်အာဏာရှင်အောက်က ပြည်သူတွေဟာ ၈၈ အရေးအခင်း ထက် ပိုရက်စက်တဲ့အခြေအနေမှာ ရောက်နေတယ်လို့ ရှေ့နေဦးကြီးမြင့်က ပြောပါတယ်။
“အခုက ပိုရက်စက်တယ်။ ဗိုလ်မင်းအောင်လှိုင်က ရက်စက်မှုအပေါင်း သရဖူဆောင်းပဲဗျာ။ ဗိုလ်ခင်ညွန့် တောင် လက်မြှောက်ရတယ်။ သူတို့ လုပ်ချင်တဲ့သူကို လုပ်ချင်သလို လုပ်တယ်ဗျာ။ အဲတော့ ကျနော်တို့ နိုင်ငံဟာ တရားဥပဒေနဲ့ အုပ်ချုပ်နေတယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ မဟုတ်တော့ဘူး။ အသက်ကြီးရုံမကလို့ ကြံတောကို အိမ်ဆောက်နေရင်တောင် မရဘူး။ သက်ကြီးရွယ်အိုဆိုတာ မရှိဘူးဗျာ။ လူသားစိတ်ဆိုတာကို မရှိတော့တာ။”
အပြစ်မရှိတဲ့ မိသားစုဝင်တွေကို ဖမ်းဆီးတာအပြင် သက်ကြီးရွယ်အို အမျိုးသမီးတွေကိုပါ ရိုက်နှက်၊ ဖမ်းဆီး၊ ထောင်ချတာတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေးမှာ ပြဌာန်းထားတာတွေကို ချိုးဖောက်ရုံမက ကျော်လွန် နေပြီလို့ နိုင်ငံတကာ လူ့အခွင့်အရေး ကျွမ်းကျင်သူ Fortify Rightsက ကိုနစ်ကီဒိုင်းမွန်းက ပြောပါတယ်။
“သူတို့ကို ပြည်တွင်းကရော နိုင်ငံတကာကရော အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတာကို ပိုပြီးတော့ ခိုင်မာအောင် သက်သေပြနေသလားလို့ ထင်ရတယ်။ ဘာကြောင့်လဲဆို နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေအရဆိုရင် CEDAW လို့ခေါ်တဲ့ အမျိုးသမီးတွေကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေရှိတယ်။ လိုက်နာရမယ့် ကျင့်ဝတ်တွေ ရှိတယ်ပေါ့နော်။ အဲဒါတွေ အကုန်လုံး ချိုးဖောက်ပြီးတော့ ဘာမှကို မဆိုင် တဲ့သူတွေကို ဖမ်းဆီးပြီး ထောင်ချတယ်ဆိုတာက လူ့အခွင့်အရေးဥပဒေအရ ပြောမယ်ဆိုရင် လူ့အခွင့် အရေး ချိုးဖောက်တာအပြင် ကျော်သွားပြီပေါ့နော်။ မိုက်ရိုင်းတဲ့လုပ်ရပ် အကြမ်းဖက်တယ်ဆိုတဲ့လုပ်ရပ် ကို ပြောင်ပြောင်တင်းတင်း လုပ်ပြနေတာပေါ့နော်။ ”
၁၉၇၉ ခုနှစ် ဒီဇင်ဘာမှာ ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုခဲ့တဲ့ နိုင်ငံတကာ အမျိုးသမီး အခွင့်အရေးတစ်ခုဖြစ်တဲ့ “အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်” CEDAW ကို မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ်မှာ သဘောတူ လက်မှတ်ရေးထိုး ခဲ့တာပါ။
စစ်အာဏာရှင် လက်အောက်ရောက်နေတဲ့ မြန်မာပြည်သူတွေဟာ ပြည်တွင်းမှာ ပြဌာန်းထားတဲ့ ဥပဒေတွေ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို ကျော်လွန်ချိုးဖောက်ခံနေရတယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူ ရှေ့နေတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
ပဲခူးတိုင်း ဥသျှစ်ပင်မြို့က ကိုမင်းမင်းဦးရဲ့ မိခင်နဲ့ဇနီး၊ ရန်ကုန် မြောက်ဥက္ကလာက ကိုတင်ထွဋ်ပိုင်ရဲ့ မိခင်တွေလို အပြစ်မရှိဘဲ အဖမ်းခံ၊ ထောင်ချခံရတဲ့ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ မြန်မာတစ်နိုင်ငံ လုံးမှာ ဘယ်လောက်များများ ရှိနေမလဲဆိုတာကို အတိအကျ မခန့်မှန်းနိုင်သေးပါဘူး။