ဦးမင်းမင်းဦး ဝန်ကြီးတာဝန်၊ ကိုယ်စားလှယ်တာဝန်နဲ့ ပါတီဝင်အဖြစ်ကပါ နှုတ်ထွက်မည်
2017.02.22

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးဟာ ဝန်ကြီးချုပ်တာဝန်အပြင် ပူးတွဲတာဝန်ယူထားတဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ စည်ပင်သာယာရေးဝန်ကြီးဌာန တို့ကပါ နှုတ်ထွက်မှာဖြစ်သလို လွှတ်တော်ကိုယ်စားလှယ်နဲ့ ပါတီဝင်အဖြစ်ကနေပါ နှုတ်ထွက်သွားမယ်လို့ ဒီနေ့ ပြောကြားခဲ့ပါတယ်။
ဒီနေ့ သတင်းမီဒီယာသမားတွေနဲ့ တွေဆုံစဉ်မှာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောတာဖြစ်ပါတယ်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးဟာ မနေ့က မီဒီယာတစ်ခုမှာ ပါတီကိုမကြိုက်လို့ နှုတ်ထွက် တာဖြစ်ကြောင်း ပြောကြားထားတာနဲ့ ပတ်သက်ပြီး ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူ့အနေနဲ့ ပါတီကို မကြိုက်လို့ နှုတ်ထွက်တာဖြစ်ကြောင်း ပြောကြားတာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
"ဘယ်လိုပဲဖြစ်ဖြစ်ကျနော်က စတာထွက်ကတည်းက ကျနော်ပြောထားတဲ့စကားလေ၊ အားလုံး ကျနော်နှုတ် ထွက်တော့မယ်လို့ ပြောထားတယ်၊ နိုင်ငံရေး ခုလက်ရှိအချိန်မှာ တာဝန်ယူထားတာအားလုံးကို ကျနော် နှုတ်ထွက်တော့မှာပြောတာပါ"
အဲဒီလိုပြောကြားမှုနဲ့ပတ်သက်ပြီး ရန်ကုန်မြို့က အန်အယ်လ်ဒီပါတီရုံးမှာ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်း ကို မေးမြန်းရာမှာ ဦးမင်းမင်းဦး ဟာ ပါတီဗဟိုက ဖွဲ့စည်းထားတဲ့ လေ့လာသုံးသပ်ရေးအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ အပြစ်ရှိတဲ့အတွက် နှုတ်ထွက်တာသာ ဖြစ်တယ် လို့ ပြောပါတယ်။
"စကားတစ်ခွန်းပြောတယ်၊ လူကြီးတွေ သူ့ကိုမကြိုက်ရင် ကျနော်ချက်ချင်းထွက်ပါ့မယ်တဲ့၊ လူကြီးတွေက ထွက်ခိုင်းရင် ချက်ချင်းထွက်ပါ့မယ်လို့ပြောတယ်၊ တစ်နေ့ကသွားတော့ သူ့ကိုပြောတယ်၊ ခင်ဗျား အဲဒီဟာ ဟုတ်တယ်တဲ့၊ ထွက်ရမှာ ထွက်လို့၊ ထွက်ဆို သူ့ဟာသူနှုတ်ထွက်တာလေ၊ အဲဒါကို သူတခြားစကားနဲ့ လှည့်ပြောတယ်လို့ ကျနော်မသိဘူး၊ စုံစမ်းစစ်ဆေးတာတွေကိုတော့ ကျနော်ပြောခွင့်မရှိပါဘူး၊ စုံစမ်းစစ်ဆေးတာမှာ သူ့ကိုအပြစ်တွေ့ရှိထားတယ်လေ၊ အပြစ်တွေ့ရှိတယ် သူ့ဂုဏ်သိက္ခာတော့ ကျနော်မပြောတော့ဘူး"
ဦးမင်းမင်းဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ရက်နေ့က ဝန်ကြီးချုပ်တာဝန်ကနေ မိမိသဘောဆန္ဒအရ နှုတ်ထွက် ခွင့်ပြုပေးဖို့ နိုင်ငံတော်သမ္မတထံ စာတင်ထားပါတယ်။
ဝန်ကြီးချုပ်တာဝန်ကနေ နှုတ်ထွက်တာဟာ ချောင်းဆုံတံတား အမည်ပေးတဲ့ကိစ္စကြောင့်ဖြစ်ကြောင်း ပြောဆိုမှုတွေ ရှိနေတာနဲ့ပတ်သက်ပြီး အဲဒီကိစ္စတစ်ခုတည်းကြောင့် မဟုတ်ကြောင်းနဲ့ တခြားကိစ္စများစွာရှိတာကြောင့် နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာလို့လည်း ပြောပါတယ်။
ဦးမင်းမင်းဦးဟာ ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဌဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ဘီးလင်းမဲဆန္ဒနယ်အမှတ်(၂)ကနေ အနိုင်ရရှိခဲ့သူဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးနောက် မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌအဖြစ် တာဝန်ပေးခံထားရာကနေ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံခဲ့ရ သူဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုထံ တိုင်ကြားခံရသူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ဦးမင်းမင်းဦးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ပါတီဗဟိုက ဖွဲ့စည်းထားတဲ့ လေ့လာသုံးသပ်ရေးအဖွဲ့ရဲ့ ခေါ်ယူမေးမြန်းမှုကို ခံရသူလည်းဖြစ်ပါတယ်။