မွန်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ရာထူးနှုတ်ထွက်စာတင်၊ ဝန်ကြီးချုပ်သစ်နေရာ ဒေါက် တာ အေးဇံ ကို အဆိုပြုထား
2017.02.20

ဝန်ကြီးချုပ်တာဝန်ကနေ နှုတ်ထွက်တော့မယ်လို့ ကြေညာထားတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး နေရာမှာ ကျိုက်ထိုမြို့နယ် အမှတ် ၂ မဲဆန္ဒနယ် က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံကို အစားထိုးခန့်အပ်ဖို့ အဆိုပြုထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန် က ပြောပါတယ်။
ဦးမင်းမင်းဦးဟာ အကျင့်ပျက်ခြစားတာမဟုတ်ဘဲ ပြည်နယ်အစိုးရအဖွဲ့မှာ ခေါင်းဆောင်တာ လိုအပ်တယ်ဆိုတဲ့ ပါတီဗဟို လေ့လာသုံးသပ်ရေးအဖွဲ့ရဲ့ တင်ပြချက်အရ နှုတ်ထွက်တာ ဖြစ်တယ်လို့ ဦးဝင်းထိန် က ပြောပါတယ်။
"အကျင့်ပျက်ခြစားတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ အစိုးရအဖွဲ့နဲ့ ပတ်သက်ပြီး ခေါင်းဆောင်တာ လိုအပ်တယ်ဆိုပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ တင်ပြချက်အရ၊ ဒီလူကတစ်ခုတော့ရှိတယ် သတ္တိလည်းရှိတယ် စိတ်ကောင်းလည်းရှိတယ်၊ သူနှုတ်ထွက်တယ်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ကိုတော့ ဒေါက်တာ အေးဇံ ကို ထပ်ခန့်ထားတယ်"
ဒီနေ့ညနေမှာ ဦးမင်းမင်းဦးဟာ မိမိသဘောဆန္ဒအရ ပြည်နယ်ဝန်ကြီးချုပ်တာဝန်ကနေ နှုတ်ထွက် ကြောင်း စာတင်လိုက်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း က ပြောပါတယ်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးဟာ ဝန်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်ပေမယ့်် ဝန်ကြီးချုပ် အသစ် မခန့်အပ်ခင်အထိ တာဝန်ယူရမှာဖြစ်သလို ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးနဲ့ ဆောက်လုပ်ရေးဝန်ကြီးအဖြစ် ရှိနေဦးမှာဖြစ်ပါတယ်။
ဦးမင်းမင်းဦးနေရာမှာ အစားထိုးခန့်အပ်ဖို့ အဆိုပြုခံထားရတဲ့ ဒေါက်တာအေးဇံဟာ ၁၉၉၀ ရွေးကောက်ပွဲမှာလည်း အနိုင်ရရှိခဲ့ဖူးသူဖြစ်ပြီး လက်ရှိ ပြည်နယ် လွှတ်တော်က ဖဲ့ွစည်းထားတဲ့ ရေးရာကော်မတီနှစ်ခုရဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိပြီး အစိုးရဖဲ့ွဖို့ ပြင်ဆင်ချိန်ကတည်းက ထွက်ပေါ်လာတဲ့သတင်းတွေအရ ဒေါက်တာအေးဇံ ဟာ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ထင်ကြေးပေး ခံခဲ့ရသူဖြစ်ပါတယ်။
ဦးမင်းမင်းဦး ဒီနေ့ တရားဝင်နှုတ်ထွက်စာတင်တာကို မလိုလားတဲ့ သူအနိုင်ရရှိခဲ့တဲ့ ဘီးလင်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်က ဒေသခံတွေနဲ့ သံဃာတော်တွေက ဦးမင်းမင်းဦး ဝန်ကြီးချုပ်တာဝန်ကနေ မနှုတ်ထွက် ဖို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှာ မေတ္တာရပ်ခံတောင်းဆိုခဲ့ကြပါတယ်။
တစ်နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့တဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်နေရာမှာ အစားထိုးခန့်အပ်မယ့် ဝန်ကြီးချုပ်အသစ်ကို နိုင်ငံတော်သမ္မတက ရွေးချယ်ပြီး ပြည်နယ် လွှတ်တော်က အတည်ပြုရမှာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ပြည်နယ်ဝန်ကြီးချုပ်တစ်ဦး နှုတ်ထွက်တာ ဒါပထမဆုံးဖြစ်ပါတယ်။