အဖမ်းခံခဲ့ရတဲ့ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာအောင်နိုင်ဦး ပြန်လွတ်လာ
2024.04.15
မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဒေါက်တာအောင်နိုင်ဦးကို စစ်ကောင်စီတပ်က လေးရက်ကြာ ဖမ်းဆီးခဲ့ပြီး ဧပြီလ ၁၅ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်းက ကျိုက်မရောမြို့နယ်အတွင်းမှာရှိတဲ့ ကော့သပ်နဲ့ ကော့ဇွဲကျေးရွာက စစ်ဘေးဒုက္ခသည်တွေကို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ကူညီထောက်ပံ့ဖို့အသွား အတ္ထရံတံတားအနီး မော်လမြိုင်စက်မှုဇုန်အနားမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးပြီးနောက် ဒိုင်းဝန်းကွင်းမြို့မရဲစခန်းမှာ စစ်ဆေးမေးမြန်းခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာ ပြန်လွတ်လာတာလို့ အမည်မဖော်လိုတဲ့ မိသားစုနဲ့နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"ဆရာ ပြန်ရောက်လာပါပြီ။ ဘာတွေ စစ်ဆေးခံခဲ့ရတယ်။ ဘယ်လိုအခြေအနေရှိလဲဆိုတဲ့ အသေးစိတ်တော့ မသိရသေးပေမယ့် အိမ်ကိုတော့ ပြန်ရောက်လာပါပြီ။ သူတို့ စစ်ဆေးပြီး အပြစ်မရှိလို့ ပြန်လွတ်တာပေါ့။ ဆရာကလည်း ဘာတစ်ခုမှ အပြစ်လုပ်ထားတာ မရှိတဲ့သူပါ"
ဒါ့အပြင် ဒေါက်တာအောင်နိုင်ဦးရဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေလည်း သက်ဆိုင်ရာစစ်ဆေးမှုကို ကောင်းမွန်စွာခံယူပြီး အပြစ်မရှိတဲ့အတွက် ဒီနေ့မနက်မှာ အိမ်ပြန်ခွင့်ရခဲ့ပါတယ်လို့ ရေးသားထားပါတယ်။
ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကိုတော့ မပြောထားသလို RFA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်ပါဘူး။
ဒေါက်တာအောင်နိုင်ဦးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီမှာ ပါဝင်ဖို့ဆုံးဖြတ်ထားတဲ့ မွန်ညီညွတ်ရေးပါတီ (MUP) ဗဟိုအလုပ်မှုဆောင်အဖြစ်ကနေ နုတ်ထွက်ထားသူ ဖြစ်ပါတယ်။
ဒါ့အပြင် ဒေါက်တာအောင်နိုင်ဦးဟာ ၂၀၁၀၊ ၂၀၁၅ နဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေမှာ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ကနေ သုံးကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့ပြီး NLD အစိုးရလက်ထက် မွန်ပြည်နယ်လွှတ်တော်မှာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။