မလေးရှားနဲ့ စစ်ကောင်စီ မြန်မာ့အရေး ဆွေးနွေးမည်

2024.10.12
မလေးရှားနဲ့ စစ်ကောင်စီ မြန်မာ့အရေး ဆွေးနွေးမည် New York မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Mohamad Hasan မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဥ်။
Bryan R. SMITH/ AFP

Updated 4:36 PM, Oct 12, 2024

မလေးရှား နိုင်ငံခြားရေးဝန်ကြီး Mohamad Hasan က မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ ညှိနှိုင်းဆွေးနွေးမဲ့အကြောင်း မလေးရှား မီဒီယာတွေကို ပြောတယ်လို့ Bernama သတင်းမှာ အောက်တိုဘာ ၁၁ ရက် မနေ့က ဖော်ပြပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့မတွေ့ခင် မလေးရှားနိုင်ငံက မြန်မာအရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမယ်လို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက လာအိုနိုင်ငံမှာ ကျင်းပတဲ့ အရှေ့အာရှ အစည်းအဝေးအကြောင်း ရှင်းလင်းရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ကျွန်တော်အနေနဲ့ ဦးသန်းဆွေနဲ့မတွေ့ခင် မလေးရှားနိုင်ငံက မြန်မာ့အရေးအတွက် ဖွဲ့ထားတဲ့လုပ်ငန်း အကောင်အထည် ဖော်တဲ့အဖွဲ့နဲ့ ပထမတွေ့ဆုံပြီးနောက်မှ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့ စကားပြောမှာပါ။ အဲဒီနောက်မှ အခြေအနေတွေကို ဝန်ကြီးချုပ် အာနဝါ အီဘရာဟင်ကို ဆက်လက်တင်ပြမှာပါ”

မလေးရှားနိုင်ငံဟာ လာမဲ့ ၂၀၂၅မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရမှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံ ပြဿနာကို ဦးဆောင်ဖြေရှင်းဖို့ စီစဥ်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ တွေ့ဆုံမဲ့အခြေအနေနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ရေရည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ အာဆီယံရဲ့ ဦးဆောင်ကြိုးပမ်းမှုနဲ့အတူ ကမ္ဘာလုံးဆိုင်ရာ အရေးယူ ဆောင်ရွက်မှုတွေလုပ်ဖို့ မလေးရှားဝန်ကြီးချုပ် ဒါတွတ်ဆာရီ အန်နဝါ အီဘရာဟင်က လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာလုပ်တဲ့ ၁၉ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး အစည်းအဝေးမှာ တိုက်တွန်းထားပါတယ်။

မြန်မာနဲ့ နိုင်ငံတကာ အရပ်ဘက် အဖွဲ့အစည်းတွေကတော့ စစ်ကောင်စီကို အာဆီယံ အစည်းအဝေးတွေမှာ တက်ခွင့်မပြုဖို့နဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေ မလုပ်ဖို့ မကြာခဏ တိုက်တွန်းနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။