လက်နက်ကြီးကြောင့် မိုးကုတ်မြို့ခံသုံးဦး သေဆုံးပြီး သီလရှင်ဆယ်ပါး ဒဏ်ရာရ
2024.07.18

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ကုန်းမြင့်သာယာရပ်ကွက်ကို ဇူလိုင်လ ၁၈ ရက် နေ့လယ်ပိုင်းမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပေါက်ကွဲမှုကြောင့် အရပ်သားသုံးဦး သေဆုံးပြီး သီလရှင်ဆယ်ပါး ဒဏ်ရာရရှိခဲ့တယ်လို့ မိုးကုတ်မြို့ခံတွေက RFA ကို ပြောပါတယ်။
သေဆုံးသူတွေဟာ ဦးတင်မောင်အေး၊ ကိုသန့်စင်နဲ့ ကိုထွေးတို့ ဖြစ်ပါတယ်။
ဒီအပြင် လက်နက်ကြီကျည်နှစ်လုံး ဥတ္တမနန္ဒာသီလရှင်ကျောင်းတိုက်အနီး ကျရောက်ခဲ့တာကြောင့် အသက် ၁၀ နှစ်ကနေ ၂၀ ကျော်အတွင်း သီလရှင်ဆယ်ပါး ထိခိုက်ဒဏ်ရာရခဲ့တာပါ။
မိုးကုတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သီလရှင်စာသင်တိုက်ကတော့ မှန်တွေ အကုန်ကွဲ ကုန်တယ်။ သေသွားတဲ့သူတွေလည်း အလောင်းတွေ ဒီအတိုင်းပဲ။ ဆေးရုံကိုပို့ဖို့ လူနာတင်ကားလည်း ခေါ်မရဘူး။ ဆရာလေးတွေလည်း နီးစပ်ရာကို ပြောင်းရွှေ့ပြီး ဆေးမြီးတိုနဲ့ ကုပေးနေကြပါတယ်"
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ မဖြေဆိုပါဘူး။
စစ်ကောင်စီက မြို့အဝင်အထွက် လမ်းတွေကို ပိတ်ထားတာကြောင့် ဒေသခံသုံးသောင်းကျော် ပိတ်မိနေပြီး စားဝတ်နေရေးတွေလည်း ခက်ခဲနေတယ်လို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။
ဇွန်လ ၂၅ ရက်နေ့ကစလို့ "၁ဝ၂၇ စစ်ဆင်ရေး" နောက်ဆက်တွဲအနေနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ လားရှိုးမြို့တွေနဲ့ မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေက စစ်ကောင်စီစခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။
ဒီစစ်ဆင်ရေးမှာ မိုးကုတ်မြို့ အနောက်ခြမ်း ရွှေမြဝင်း၊ ဒေါ်နန်းကြည်တောင်၊ ပန်းသပြေတောင်နဲ့ ရွှေသာယာစတဲ့ စစ်ကောင်စီတပ်စခန်းခြောက်ခုကို TNLA က သိမ်းယူထားပါတယ်။