ဒုရဲမှူး မိုးရန်နိုင်ကို မယုံကြည်ရတဲ့သက်သေအဖြစ် လျှောက်လဲချက်ကို တရားရုံးပယ်ချ


2018.05.02
moeyannaing-reuters-police-622.jpg တရားလိုသက်သေ ဒုရဲမှူး မိုးရန်နိုင် ကို အင်းစိန်မြို့နယ် တရားရုံးမှာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၀ ရကေ်န့က တွေ့ရစဉ်
Photo: Htet Arkar/RFA

ဒုရဲမှူး မိုးရန်နိုင် ကို မယုံကြည်ရတဲ့သက်သေအဖြစ် ကြေညာပေးဖို့ တရားလိုဘက်က ဥပဒေအရာရှိတွေရဲ့ လျှောက်လဲချက်ကို ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။

တရားလိုဘက်က လျှောက်လဲချက်ကို ပယ်ချလိုက်တဲ့အခြေအနေနဲ့ ဒီနေ့ ရုံးချိန်းကို ဒုရဲမှူး မိုးရန်နိုင် မလာနိုင်တဲ့ အခြေအနေကို ရိုက်တာ သတင်းထောက် နှစ်ဦးရဲ့ ရှေ့နေ ဦးသန်းဇော်အောင် က အခုလိုပြောပါတယ်။

"ရှေ့တစ်ပတ်က လျှောက်လဲချက်ပေးတယ် ဒီတစ်ပတ်မှာ အမိန့်ချတယ်။ ဘာအမိန့်ချလဲဆိုတော့ တဘက်က ဥပေဒအရာရှိ လျှောက်ထားတဲ့ မယုံကြည်ထိုက်သော သက်သေအဖြစ် လျောက်ထားချက်ကို တရားရုံးက ဒီနေ့ ပယ်တဲ့ အမိန့်ချတယ်။ ဒုရဲမှူး မိုးရန်နိုင်ကို စစစ်မယ်။ ဒီနေ့ မလာဖြစ်တာက သူဟာ ပြီးခဲ့တဲ့ သောကြာနေ့က ထောင်တစ်နှစ်ချလိုက်တဲ့အတွက် ထောင်သားဖြစ်သွားတာပေါ့နော်၊ အဲဒီအပေါ်မှာ ထောင်ရဲ့ လုပ်ထုံးလုပ်နည်း တွေ ဒီထောင်ကနေ တရားရုံးကိုလာဖို့ လုပ်ထုံးလုပ်နည်းတွေ ကျန်လို့ ဒီနေ့ ချက်ချင်း မလာဖြစ်တာပေါ့"

မယုံကြည်ရတဲ့သက်သေအဖြစ် ကြေညာပေးဖို့ လျှောက်လဲချက်ကို တရားရုံးကို ပယ်ချလိုက်တာကြောင့် ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က တရားရုံးမှာ ဒုရဲမှူး မိုးရန်နိုင် ထွက်ဆိုခဲ့တာတွေကို တရားရုံးက လက်ခံလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာ သတင်းဌာနက သတင်းထောက် ၂ ဦးအမှုမှာ ဒုရဲမှူး မိုးရန်နိုင် ကို တရားလိုပြသက်သေအဖြစ် တင်သွင်းခဲ့တာဖြစ်ပါတယ်။

ဒုရဲမှူး မိုးရန်နိုင်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က သက်သေထွက်ဆိုရာမှာ ရိုက်တာ သတင်းထောက် ၂ ဦးကို ထောင်ချောက်ဆင်ဖမ်းဆီးတာဖြစ်ပြီး အဲဒီလိုဖမ်းဆီးဖို့ ရဲမှူးချုပ် တင်ကိုကိုက အမိန့်ပေးခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီထွက်ဆိုမှုကို မမှန်သက်သေအဖြစ် ကြေညာပေးဖို့ တရားလိုဘက်က ဥပဒေအရာရှိတွေက လျှောက်ထားတာ ဖြစ်ပါတယ်။

ဒုရဲမှူး မိုးရန်နိုင်ဟာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်နယ်မြေကင်းစခန်းမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ရိုက်တာ သတင်းထောက် ကိုဝလုံး ကို အင်တာဗျူးဖြေဆိုခဲ့သူဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒုရဲမှူး မိုးရန်နိုင်ဟာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ၁၆(ခ)နဲ့ အင်းစိန်ထောင်အတွင်းမှာ ထောင်ဒဏ်တစ်နှစ် ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။