မိုးဗြဲမြို့နဲ့ ကယားပြည်နယ်မှာ တစ်လအတွင်း ဒေသခံ ၁၃ ဦးသေဆုံး

2022.10.03
မိုးဗြဲမြို့နဲ့ ကယားပြည်နယ်မှာ တစ်လအတွင်း ဒေသခံ ၁၃ ဦးသေဆုံး စစ်ကောင်စီတပ်လက်နက်ကြီးကျည် ထိမှန်ပျက်စီးသည့် မိုးဗြဲမွေတော်ဘုရားကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။
Photo: PKPF, MRT

နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နဲ့ ကယားပြည်နယ်မှာ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာ အပါအဝင် လက်နက်ကြီးနဲ့ မိုင်းကြောင့် ဒေသခံ ၁၃ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်နီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က အောက်တိုဘာလ ၂ ရက် မနေ့က သတင်း ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူ နှစ်ဦးနဲ့ လက်နက်ကြီးကြောင့် ကလေးငယ်သုံးဦးအပါအဝင် ၁၀ ဦးသေဆုံးခဲ့သလို မိုင်းကြောင့် တစ်ဦးသေးဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် သေဆုံးသူတွေထဲမှာ ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲမြို့နယ်က အများဆုံးဖြစ်ပြီး ဆယ်နှစ်အရွယ် ကလေးငယ်သုံးဦး အပါအဝင် ခြောက်ဦးရှိခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဒဏ်ရာရသူ ၁၃ ဦးအထိရှိသလို နေအိမ်တစ်ရာကျော်နဲ့ ဘုရားကျောင်း နှစ်ကျောင်းပါ ပျက်စီးခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ လဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်က ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို မြို့နယ်တွေကို အင်အားဖြည့်တင်းပြီး ဒီးမော့ဆို၊ နန်းမယ်ခုံ၊ မိုးဗြဲလမ်းမကြီးကို စစ်ရေးအရ ထိန်းချုပ်ဖို့ ကြိုးစားရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာလို့ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်အထိ လုပ်ဆောင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်ထဲမှာ တစ်လအတွင်း တိုက်ပွဲပေါင်း (၅၇) ကြိမ်ဖြစ်ခဲ့ရာမှာ မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်ကိုးဦး သေဆုံးခဲ့ပြီး ၆၄ ဦး ဒဏ်ရာရခဲ့သလို ကရင်နီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ သေဆုံးသူ ၁၀၄ ဦးနဲ့ ဒဏ်ရာရသူ ၆၀ ကျော်ရှိခဲ့တယ်လို့ ကရင်နီ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးလို စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဒီကနေ့ ညနေပိုင်း အထိ လက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။