ကွတ်ခိုင် ကုန်းဆာရွာတိုက်ပွဲ ကျေးရွာထဲ လက်နက်ကြီးတွေကျနေ

2022.01.28
ကွတ်ခိုင် ကုန်းဆာရွာတိုက်ပွဲ ကျေးရွာထဲ လက်နက်ကြီးတွေကျနေ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ကုန်းဆာရွာကနေ မန်တုံရွာကို ထွက်ပြေးလာသူတွေကို ၂၀၁၉ စက်တင်ဘာ ၂၅ ရက်နေ့ကတွေ့ရစဉ်
Photo: Helen Mai

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နဲ့ သုံးမိုင်ကျော်ဝေးတဲ့ ကုန်းဆာကျေးရွာ အတွင်းမှာ ဇန်နဝါရီလ ၂၈ ရက် ဒီနေ့ နေ့လယ် ၁ နာရီလောက်ကစလို့ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး ကျေးရွာအတွင်းကို လက်နက်ကြီးတွေ ကျရောက်နေတယ်လို့ ကုန်ဆာကျေးရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

မနေ့ကထဲက ကျေးရွာအနီးမှာ ကိုးကန့်တပ်ဖွဲ့တွေ ရောက်ရှိနေပြီး ဒီနေ့ နေ့လယ် ၁၂ နာရီ မှာတော့ ကုန်းဆာရွာအကျော် ဟိုနောင်ရွာနားကနေ တိုက်ပွဲစဖြစ်တာလို့ အဲဒီရွာသားက ပြောပါတယ်။

“နေ့လယ် ၁၂ နာရီလောက်က ဟိုနောင်ရွာနားမှာဖြစ်တာကနေ ကုန်းဆာရွာထဲ ထိရောက်လာတာ။ လက်နက်ကြီးကျတာတွေ ရှိတယ် အခုက တိုက်ပွဲ ခဏငြိမ် နေတယ်ဆိုပေမယ့် သွားမကြည့်ရဲသေးဘူး”

တိုက်ပွဲတွေဟာ ဒီနေ့ညနေပိုင်းအထိ ဖြစ်ပွားနေဆဲဖြစ်ပြီး လက်နက်ကြီးကြောင့် နေအိမ်တွေနဲ့ အရပ်သားတွေ ထိခိုက်မှု အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

ကုန်းဆာနဲ့ ပန်ဆေးကျေးရွာကြားမှာ မနေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ကိုးကန့်တပ်ဖွဲ့ကတော့ ဇန်နဝါရီလ ၂၇ ရက်နေ့ မနေ့က ရှမ်းပြည်မြောက်ပိုင်း မုံးကိုး မြို့နယ်အတွင်းက နေရာအတော်များများမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲက ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ်အတွင်းမှာ ကိုးကန့်တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ တွေ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး မုံးကိုးမြို့ပေါ်နဲ့ ဖိုင်းကောင်း ကျေးရွာမှာ ထွက်ပြေးခိုလှုံနေတဲ့ ဒုက္ခသည် နှစ်ထောင်ကျော်ဟာ ဒီနေ့အထိ နေရပ်မပြန် နိုင်ကြသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။