စစ်ကောင်စီ သတင်းပေးဆိုသူ လူနှစ်ဆယ်ကျော်ကို MNDAA ဖမ်းဆီး
2024.10.10

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ သတင်းပေးလို့ စွပ်စွဲခံရသူ လူနှစ်ဆယ်ကျော်ကို ကိုးကန့်တပ်မတော် (MNDAA) က ဖမ်းဆီးထားတယ်လို့ MNDAA နဲ့ နီးစပ်သူတွေက အောက်တိုဘာလ ၁၀ ရက်နေ့မှာ RFA ကို ပြောပါတယ်။
ဖမ်းဆီးထားသူတွေဟာ လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ပြီးနောက် မြို့အတွင်းအခြေအနေတွေကို စစ်ကောင်စီထံ သတင်းပေးနေသူတွေလို့ ဆိုပါတယ်။
လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ မကြာခဏ ဗုံးကြဲနေတာဟာ သတင်းပေးတွေကြောင့်လို့ ပြောဆိုမှုတွေရှိလာပြီးနောက်မှာ MNDAA က မြို့တွင်းမှာ ဖမ်းဆီးစစ်ဆေးတာတွေ ပိုလုပ်လာတာလို့လည်း မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
"ကျွန်တော်တို့ ရပ်ကွက်ထဲကလည်း ပါသွားတဲ့သူ တစ်ယောက် ရှိတယ်။ သူက အသက် ၆၀ ကျော်ပြီး အရင် စစ်တပ်နဲ့ အရမ်းနီးစပ်တဲ့သူဖြစ်တယ်။ ရပ်ကွက်ထဲ လေယာဉ်နဲ့ ဗုံးကြဲခံရတာ သူသတင်းပေးလို့ဆိုပြီး သတင်းတွေ ထွက်နေတာ"
စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ MNDAA က စစ်တပ်သတင်းပေးလို့ စွပ်စွဲခံရသူတွေကို သေဒဏ်ပေးလိုက်တယ်ဆိုပြီး ဖော်ပြကြပါတယ်။
MNDAA နဲ့ နီးစပ်သူတစ်ဦးကတော့ သေဒဏ်ပေးတာ မရှိသေးသလို ဖမ်းဆီးစစ်ဆေးပြီး အပြစ်မရှိတဲ့သူတွေကိုတော့ ပြန်လွှတ်ပေးနေတယ်လို့ ပြောပါတယ်။ သတင်းပေးလို့ စစ်ဆေးပေါ်ပေါက်တဲ့သူတွေကိုတော့ ဘယ်လိုပြစ်ဒဏ်ပေးမယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ MNDAA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ လီကျားဝင်းနဲ့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်တို့ကို RFA က ဆက်သွယ်ထားပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။
လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ပြီးနောက်ပိုင်း သြဂုတ်လ ၃၀ ရက်နေ့ကနေ စက်တင်ဘာလကုန်အထိ စစ်ကောင်စီတပ်က လေကြောင်းကနေ ၁၃ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့တာကြောင့် သုံးဦးသေဆုံးခဲ့ပြီး ခြောက်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် လားရှိုးမြို့မဈေးက ဆိုင်ခန်းပေါင်း ငါးဆယ်ကျော် အပါအဝင် မြို့ပေါ်က အထင်ကရ ဟိုတယ်တွေ၊ ဘာသာရေး အဆောက်အအုံတွေနဲ့ လူနေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့ပါတယ်။