စစ်တပ်အာဏာသိမ်းယူလို့ နိုင်ငံ့ဂုဏ်သိက္ခာ အကြိမ်ကြိမ် ကျခဲ့ရကြောင်း MNDAA ပြော

2021.12.31
စစ်တပ်အာဏာသိမ်းယူလို့ နိုင်ငံ့ဂုဏ်သိက္ခာ အကြိမ်ကြိမ် ကျခဲ့ရကြောင်း MNDAA ပြော မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
ဓာတ်ပုံ - MNDAA ပြန်ကြားရေး

စစ်တပ်အာဏာ သိမ်းယူလိုက်တဲ့အတွက် မြန်မာနိုင်ငံဟာ အဘက်ဘက်က ချို့ယွင်းပျက်စီးခဲ့တဲ့အပြင် နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာဟာလည်း တစ်ကြိမ်ပြီးတစ်ကြိမ် ကျဆင်းခဲ့ရတယ်လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ရဲ့ စစ်ဦးစီးချုပ် ဦးဖုန်တာရွှင်က ၂၀၂၂ ခုနှစ် နှစ်သစ်ကူး သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၁၁ လအကြာမှာ မြန်မာ့ငွေဈေး ကျဆင်းမှု၊ စီးပွားရေးကျပ်တည်းမှုတွေနဲ့ နိုင်ငံအနှံ့ တိုက်ပွဲတွေဖြစ်ပွားလာတာကြောင့် ပြည်သူလူထုဟာ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရကြောင်း ဖော်ပြထားပါတယ်။

MNDAA အနေနဲ့ ပင်လုံစိတ်ဓာတ်နဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖောင်ဆောင်ရေးကို အခြေခံ ထားပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဖွဲ့ကာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရေးကို တက်တက်ကြွကြွ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ အာဏာသိမ်းစစ်တပ်နဲ့ ကိုးကန့်တပ်မတော် MNDAA တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေ သိမ်းဆည်းရမိတဲ့ သတင်းတွေကို လူမှုကွန်ယက်စာမျက်နှာတွေ၊ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

MNDAA ဟာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် ဖြစ်ပြီး ရက္ခိုင့်တပ်တော် (AA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ပါဝင်တဲ့ ညီနောင်မဟာမိတ်အဖွဲ့မှာ ပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။