မင်းကင်း တောင်ဖြူရွာမှာ PDF တပ်ဖွဲ့ဝင်လေးဦး ပစ်သတ်ခံခဲ့ရတာလို့ တုံ့ပြန်
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်ဖြူရွာမှာ ဇူလိုင်လ ၂၈ ရက်နေ့က ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီ က ထုတ်ပြန်တဲ့ သေဆုံးသူတွေဟာ ဖမ်းဆီးခံရပြီးမှ ပစ်သတ်ခံရသူတွေဖြစ်တယ်လို့ မင်းကင်းပြည်သူ့ ကာကွယ်ရေးအဖွဲ့က ဒီနေ့ ပြောပါတယ်။
တောင်ဖြူရွာမှာ ဇူလိုင်လ ၂၈ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သေဆုံးသူ သုံးဦးရဲ့ ရုပ်အလောင်းနဲ့ အသက်ရှင်လျှက် ၅၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်တပ်ပိုင် မြဝတီသတင်းစာက ဒီကနေ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ ဖော်ပြထားတာပါ။
ဒါပေမဲ့ အမှန်တကယ်မှာ ဖမ်းဆီးခံခဲ့ရသူ ၅၇ ဦးဖြစ်ပြီး အဲဒီအထဲက လေးဦးဟာ ဖမ်းဆီးခံရပြီးမှ ပစ်ခတ် ခံခဲ့ရတာ ဖြစ်တယ်လို့ မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ယောက်က RFA ကို ပြောပါတယ်။
“ ပန်းဆက်ရွာမှာပဲ တိုက်ပွဲဖြစ်တာ။ အခုဖမ်းခံရတဲ့ တောင်ဖြူရွာမှာ ဘာတိုက်ပွဲမှမဖြစ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ သေစရာမရှိဘူး။ သေတယ်ဆိုတာက သူတို့ နှိပ်စက်လို့ သေရတာ။ ညှိနှိုင်းမယ်ဆိုလို့ လိုက်သွားကြတာ။ လက်နက်တောင် ယူမသွားဘူး။ လက်နက်တွေနဲ့ မိတယ်ဆိုတာကလည်း ခါတိုင်းလိုပဲ လိမ်တာပေါ့။ ဖမ်းခံလိုက်ရပြီးမှ သတ်ခံရတာ လေးယောက် ဖြစ်နေပြီ။ သေဆုံးတာက သုံးယောက်တောင် မဟုတ်ဘူး၊ လေးယောက်ဖြစ်နေပြီ။ အခု သေဆုံးသူတွေ ဘယ်သူတွေလည်းဆိုတာ စုံစမ်း စားရင်းပြုစုနေပါတယ် ”
စစ်ကောင်စီရဲ့ဖမ်းဆီးမှုကိုခံခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၅၇ ဦးထဲက လေးဦးပစ်သတ် ခံရတာ ဖြစ်ပေမယ့် စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ သေဆုံးသူ သုံးဦးလို့ ဖော်ပြထားတာကြောင့် သေဆုံးသူ တစ်ဦး စာရင်းကွာဟနေတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ ဇူလိုင်လ ၂၈ ရက်နေ့ မနက် ၆ နာရီလောက်မှာ ပန်းဆက်ကျေးရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၀၀ လောက်က ကနဦး လာရောက်တိုက်ခိုက်ခဲ့လို့ ဒေသခံ တစ်ဦး သေဆုံးခဲ့ပြီး ငါးဦး ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး တောင်ဖြူရွာကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀၀ လောက် ရောက်ရှိလာရာမှာ ကျေးရွာသားတွေ ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးလိုက်တာလို့ ရေးသားထားပါတယ်။
မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ မင်းကင်းမြို့နယ်အတွင်းက ပန်းဆက်ရွာနဲ့ တောင်ဖြူရွာဟာ စစ်တပ်ကို သတင်းပေးထောက်ခံသူများတဲ့ ပျူစောထီး အများအပြားရှိတဲ့ ရွာတွေဖြစ်လို့ စစ်သားတွေမရှိတဲ့အချိန် အဲဒီရွာတွေကို တိုက်ဖို့သွားရာမှာ တောင်ဖြူရွာက ဒေသခံအမျိုးသမီးတွေနဲ့ ကလေးတွေရောက်လာပြီး ညှိနှိုင်းဖို့ပြောဆိုခဲ့လို့ ရွာထဲကိုလိုက်သွားချိန် ပိတ်ဆို့ဖမ်းဆီးခံရတာလို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မင်းကင်းမြို့နယ်၊ ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တွေမှာ သွားလာလှုပ်ရှားနေလို့ ဒေသခံ တစ်သောင်းဝန်းကျင်လောက် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။