မဟနရဲ့ ဆုံးဖြတ်ချက်နဲ့ ဝန်ကြီးဌာန ပတ်သက်မှုမရှိ


2018.07.27
ministry-of-religious-622.jpg သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဆိုင်းဘုတ်ကို တွေ့ရစဉ်
ဓာတ်ပုံ - သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန - သာသနာရေး ဖေ့စ်ဘွတ်

ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကို တရားမဝင် အဖွဲ့အစည်းအဖြစ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဆရာတော်တွေကသာ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောပါတယ်။

"ကျနော်တို့က မဟနရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လိုဆုံးဖြတ်ပါ ဘယ်လိုဆုံးဖြတ်ပါဆိုပြီးတော့ ကျနော်တို့ က လျှောက်ထားလို့ မရဘူးခင်ဗျ၊ သံဃာကိစ္စ သံဃာဆောင်ရွက်တာ ဖြစ်တဲ့အတွက် မဟနကပဲ ၁၉၈၀ ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးက ချမှတ်ထားတဲ့ မူဝါဒသံဃစည်းမျဉ်းတွေအတိုင်းပဲ ဆောင်ရွက်တာ ပါခင်ဗျ၊ ဥပမာ ကျနော်တို့ ဝန်ကြီးဌာနကနေ ဒီလိုလေး လုပ်ပေးပါ ဟိုလိုလေး လုပ်ပေးပါ လျှောက်ထား လို့ မရပါဘူးခင်ဗျ၊ ကျနော်တို့ ဝန်ကြီးဌာနက ပါဝင်ပတ်သက်တယ်ဆိုပြီးတော့ ကျနော်တို့ကို ပြောနေကြ လို့ ကျနော်တို့က ရှင်းလင်းပြတာပါခင်ဗျ၊ နိုင်ငံတော်သံဃနာယကရဲ့ ဆောင်ရွက်လေးတွေကို ကျနော်တို့က အများပြည်သူသိအောင် ရှင်းလင်းထုတ်ပြန်ခြင်း ဖြစ်ပါတယ်။"

နိုင်ငံတော် သံဃမဟာနာယက (မဟန) အဖွဲ့ ၄၇ ပါး စုံညီအစည်းအဝေးကို ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က ကျင်းပခဲ့ပြီး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ဟာ တရားမဝင်အဖွဲ့အစည်း ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့က မဟနရဲ့ လမ်းညွှန်မှု တောင်းခံထားတာကို ပယ်ဖျက်ဖို့၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ဟာ တရားမဝင် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ကြောင်းနဲ့ အဲဒီအဖွဲ့အမည်ကို သုံးစွဲပြီး မည်သည့် အမှုကိစ္စမှ ဆောင်ရွက်ခြင်း မပြုဖို့ စတဲ့ အချက်တွေကို ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့အပြင်  မြန်မာနိုင်ငံအနှံ့မှာ စိုက်ထူးထားတဲ့ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (ဗဟို) ဆိုင်းဘုတ်တွေကို အခုလို ဆုံးဖြတ်ချက်ချပြီး တစ်လခွဲ သို့မဟုတ် ၄၅ ရက်အတွင်းမှာ ဖြုတ်ချဖို့၊  ဆုံးဖြတ်ချက်တွေကို မလိုက် နာဘူးဆိုရင် ရဟန်းဖြစ်ပါက သံဃအဖွဲ့အစည်း ဆိုင်ရာ ဥပဒေ ၂၀/၉၀ နဲ့ အရေးယူမှာ ဖြစ်သလို လူပုဂ္ဂိုလ်ဆိုရင်လည်း တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူသွားမှာ ဖြစ်တယ်ဆိုတဲ့ အချက် ၅ ချက်ကို ဆုံးဖြတ်ခဲ့ ပါတယ်။

မဟနရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့အပါအဝင် အမျိုးသားရေး တက်ကြွလှုပ်ရှားကြတဲ့ အဖွဲ့တချို့ကလည်း ကန့်ကွက်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။  

ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ဟာ ဥပဒေနဲ့ အညီသွားနေတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းရဲ့ ဦးဆောင်ဆရာတော် တစ်ပါးဖြစ်တဲ့ ဦးသောပါက က RFA ကို မိန့်ကြားထားပါတယ်။

မဘသအဖွဲ့ဟာ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အမည်ပြောင်းပြီး ၂၀၁၇ ခုနှစ်အတွင်းက ဖွဲ့စည်းခဲ့တာဖြစ်ပြီး မဘသ အဖွဲ့ရဲ့ ဆိုင်းဘုတ်နာမည်တွေကိုလည်း  ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှာ အပြီး ဖြုတ်သိမ်းဖို့ မဟနက ညွှန်ကြားခဲ့တာတွေရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။