သံဃာထုနဲ့ ပြည်သူ စိတ်ဝမ်းကွဲမှာ စိုးရိမ်ကြောင်း ကြံ့ခိုင်ရေးပါတီ ကြေညာချက်ထုတ်
2018.07.24

သံဃမဟာနာယကအဖွဲ့နဲ့ ဗုဒ္ဓဓမ္မပရဟိဖောင်ဒေးရှင်း တို့အကြား တရားဝင်မှု၊ လုပ်ပိုင်ခွင့်၊ ရပ်တည်ပိုင်ခွင့် အငြင်းပွားမှုတွေကြောင့် သံဃာထုနဲ့ ပြည်သူတွေ စိတ်ဝမ်းကွဲတွေမှာကို စိုးရိမ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
အဲဒီအငြင်းပွားမှုကနေ သံဃာဂိုဏ်းကွဲတာ၊ လူထုကြားမှာ စည်းလုံးညီညွှတ်မှု ပြိုကွဲတာတွေ ဖြစ်နိုင်တဲ့အတွက် သတိထားဖို့ ထုတ်ပြန်တာဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က ပြောပါတယ်။
"ကျနော်တို့က နိုင်ငံတော်နဲ့ နိုင်ငံသားအတွက် မလိုလားအပ်တဲ့ အန္တရာယ်မျိုးစုံ ကျရောက်နေချိန် မှာ ပေါ်ပေါက်လာတဲ့ ဒီအငြင်းပွားမှုကနေတဆင့် သံဃာများ ဂိုဏ်းကွဲခြင်း၊ ပြည်သူလူထုအတွင်း စည်းလုံးမှု ပြိုကွဲခြင်း နှင့် နိုင်ငံမတည်ငြိမ်မှုတွေကို ဖြစ်ပေါ်လာမှာကို စိုးရိမ်ပူပန်မိတဲ့အတွက် နိုင်ငံသား အားလုံးကနေ သတိပြုကာကွယ်ပေးနိုင်ဖို့အတွက် ကျနော်တို့ပါတီကနေ အလေးနက်တိုက်တွန်းထားတဲ့ ထုတ်ပြန်ချက် ဖြစ်ပါတယ်"
နိုင်ငံရဲ့ စည်းပွားရေး ယိမ်းယိုင်နေတဲ့အချိန်၊ ပြည်ပ စွက်ဖက်တာတွေကို အပြင်းအထန် ခုခံကာကွယ်နေရချိန်၊ အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေ တည်တံ့ရေးအတွက် အရေးကြီးနေချိန်မှာ ဒီလိုစိန်ခေါ်မှုတွေကို ရင်ဆိုင်ရတာဟာ အံ့အားသင့်ဖို့ကောင်းတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကို ရက်အကန့်အသတ်ထားပြီး ဖျက်သိမ်းဖို့ ညွန်ကြားတာတွေ အရေးယူတာနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ တခြားဘာသာ သာသနာကို ထိခိုက်နစ်နာစေတာမရှိဘဲ ကိုးကွယ်တဲ့ဘာသာ သာသနာနဲ့ ဓလေ့တွေကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ပိုင်ခွင့်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။