မိုင်းကြောင့် ထိခိုက်သူတွေများလာ
2019.09.29

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ ၁၅ ရက်နေ့နောက်ပိုင်း တိုက်ပွဲတွေဖြစ်ပြီးနောက် မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်သူ ၁၅ ယောက်ကျော်ရှိလာပြီး အနည်းဆုံး သေဆုံးသူ ငါးဦးခန့် ရှိတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
သြဂုတ်လ ၁၅ရက်နေ့ နောက်ပိုင်းတိုက်ပွဲတွေဖြစ်ပြီးနောက်မှာ ရှမ်းမြောက်ဒေသ ကျောက်မဲ၊ ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ဆန်နဲ့ သိန္နီမြို့နယ်တွေအတွင်းမှာ မိုင်းပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရသူများလာပြီး အဲဒီထဲက ကျောက်မဲနဲ့ကွတ်ခိုင်မြို့နယ်တွေမှာ ထိခိုက်သေဆုံးမှု များနေတာဖြစ်ပါတယ်။
ကျောက်မဲ၊ ကွတ်ခိုင်၊ သိန္နီမြို့နယ်မှာ မိုင်းပေါက်ကွဲလို့ သေဆုံးရသူ အနည်းဆုံး ငါးဦးရှိပြီး ဒဏ်ရာသူ ၁၅ ဦးလောက်အထိရှိတယ်လို့ ခန့်မှန်းရပါတယ်။
မိုင်းကြောင့်ထိခိုက်မှုတွေ လျှော့ချနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဟဲလို ထရပ်စ်လားရှိုးရဲ့ စာရင်းတွေအရ စက်တင်ဘာတစ်လတည်းမှာပဲ မိုင်းကြောင့် ထိခိုက်သူ ၁၂ ယောက်ကျော် ရှိခဲ့ပြီး သေဆုံးသူ သုံးဦးရှိပါတယ်။
၂၀၁၈ တစ်နှစ်တာအတွင်း မိုင်းကြောင့် ထိခိုက်သူ ၁၂၃ ဦးရှိပြီး အဲဒီထဲက ၂၅ ဦးသေဆုံးခဲ့သလို၊ ၂၀၁၉ ဇန်နဝါရီကနေ မတ်လအထိ ထိခိုက်သူ ၁၃ ဦးထဲမှာ သုံးဦး သေဆုံးခဲ့တယ်လို့လည်း ဟဲလိုထရပ်စ်စာရင်းတွေအရ သိရပါတယ်။
တချို့ မိုင်းထိတဲ့ဖြစ်စဉ်တွေမှာဆိုရင် နယ်မြေအခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် သတင်းသာကြားရပြီး ဆေးရုံကို ရောက်မလာနိုင်ကြတာတွေရှိတယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။
ကွတ်ခိုင်နဲ့သိန္နီ မြို့နယ်တွေမှာတော့ တပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ထဲမှာပါဝင်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့၊ ကိုးကန့်အဖွဲ့၊ ရက္ခိုင့်တပ်တော် AA အပြင် ကချင်လွတ်မြောက်ရေးအဖွဲ့KIA အဖွဲ့တွေ အဓိကလှုပ်ရှားတဲ့နေရာ ဖြစ်တဲ့အပြင် လက်နက်ကိုင်ပြည်သူ့စစ်အဖွဲ့တွေလည်း လှုပ်ရှားရာဒေသဖြစ်နေပါတယ်။
ကွတ်ခိုင်နဲ့ လားရှိုမြို့နယ် ကုန်းဆာရွာအနီးမှာဆိုရင် တိုက်ပွဲအတွင်း အသုံးပြုပြီး မပေါက်ကွဲဘဲ ကျန်နေတဲ့လက်နက်တွေ ရှင်းလင်းနိုင်တာ မရှိသေးတဲ့အတွက်လည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ဒီမိုင်းတွေနဲ့ပတ်သက်လို့တော့ ဘယ်လက်နက်ကိုင်အဖွဲ့ကမှ တာဝန်ယူပြီး ပြောဆိုတာမရှိသေးပါဘူး။
မိုင်းပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်နေတဲ့ ကျောက်မဲ၊ နမ့်ဆန်၊ နမ္မတူ၊ ကွတ်ခိုင် ဒေသတွေမှာ လက်ရှိ တိုက်ပွဲတွေဟာ ငြိမ်သက်သွားတဲ့ အခြေအနေမရှိသေးဘဲ စစ်ရေးကတော့ ဆက်လက်တင်းမာနေဆဲဖြစ်ပါတယ်။
(RFA သတင်းထောက် ကိုကံသာ ပေးပို့သည်)