သံတွဲနဲ့ မောင်တောမှာ မိုင်းအန္တရာယ် သတိထားဖို့ AA ထုတ်ပြန်
2024.07.13

ရခိုင်ပြည်နယ် သံတွဲနဲ့ မောင်တောမြို့တွေက စစ်ကောင်စီ တပ်စခန်းတွေ၊ စခန်းအနီးဝန်းကျင်နဲ့ စခန်းချခဲ့တဲ့နေရာတွေမှာ မိုင်းအန္တရာယ်ရှိတာကြောင့် သွားလာတာတွေ မလုပ်ကြဖို့ အာရက္ခတပ်တော် (AA)က ဇူလိုင်လ ၁၃ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ သံတွဲနဲ့ မောင်တောမြို့တွေမှာ စစ်ကောင်စီဘက်က ခံစစ်ပြင်နေပြီး မြို့တွင်း ဝင်နိုင်တဲ့ နေရာတွေ၊ တံတားတွေနဲ့ တပ်စခန်းချခဲ့တဲ့ နေရာတွေမှာ စွန့်လွှတ်မိုင်း၊ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တယ်လို့ AA က ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သံတွဲမြို့ခံတစ်ဦးကတော့ စစ်ကောင်စီတပ်တွေက တံတားတွေမှာ မိုင်းထောင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
"မိုင်းထောင်တဲ့ကိစ္စတွေကတော့ တံတားတွေမှာ ထောင်ထားခဲ့တာ၊ သူတို့(စစ်ကောင်စီ)မဆုတ်ခွာခင်မှာ ထောင်ထားခဲ့တာ၊ လက်ရှိမြို့ထဲကနေပဲ ခုခံနေတာ"
ဇူလိုင်လ (၁၂) ရက်နေ့မှာ စစ်ကောင်စီက သံတွဲမြို့ နန်းချောင်းတံတားကို ဖောက်ခွဲဖျက်ဆီးဖို့ တံတားပေါ်မှာ မိုင်းတွေထောင်ခဲ့သလို တပ်တွေ ဆုတ်ခွာထွက်ပြေးသွားတဲ့လမ်းတွေ၊ စခန်းချရာ အနီးပတ်ဝန်းကျင် နေရာတွေမှာလည်း မိုင်းတွေ ထောင်ထားတာတွေ့ရတယ်လို့ AA ကြေညာချက်မှာ ဖော်ပြထားပါတယ်။
AA သိမ်းပိုက်ထားတဲ့ မြို့တွေက စစ်ကောင်စီ အခြေစိုက် တပ်စခန်းတွေ၊ ဗျူဟာဌာနချုပ်၊ စကခဌာနချုပ် စတဲ့ တပ်စခန်းအနီးအနားပတ်ဝန်းကျင်၊ လူသွားလမ်း၊ စာသင်ကျောင်း၊ စားကျက်မြေတွေမှာ စစ်ကောင်စီထောင်ခဲ့တဲ့ မိုင်းတွေကြောင့် ဒေသခံတွေ သေဆုံးတာ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးတာတွေ ကြုံနေရတယ်လို့လည်း ဆိုပါတယ်။
မိုင်းအသိပညာဗဟုသုတတွေ လေ့လာထားဖို့ ပြည်သူတွေကို တိုက်တွန်းထားပြီး စစ်ကောင်စီ တပ်စခန်းတွေ၊ တပ်စခန်းပတ်ဝန်းကျင်တွေကို သွားလာတာ၊ သားကောင်ရှာဖွေတာ၊ ကျွဲ၊ နွား ထိန်းကျောင်းတာတွေ လတ်တလော မလုပ်ကြဖို့လည်း AA က သတိပေးထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ ခုရှိတဲ့အနက် မြို့နယ် ၉ ခုကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားပြီး သံတွဲနဲ့ မောင်တောမြို့တွေကိုပါ ဆက်လက်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။