မင်းတပ် တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် ရွာပေါင်း ၂၀ က ဒေသခံတွေ ထွက်ပြေးနေရ

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ဒေသကာကွယ်ရေး CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တစ်ကျော့ပြန် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ဇူလိုင် ၂၇ ရက် မနေ့က စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်လာလို့ ရွာပေါင်း ၂၀ က ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကန်ပလက်ကနေ စစ်ကောင်စီတပ်က အင်အား ၁၀၀ လောက်ဟာ မင်းတပ်မြို့နဲ့ မိုင်တစ်ရာလောက်ဝေးတဲ့ မကွီးအိမ်နူးမြို့က စခန်းကိုပြန်ရဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် အဲဒီအနီးနားကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာလို့ မင်းတပ် CDF အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"မနေ့က ကန်ပလက်နယ်ဘက်ကနေ စစ်ကောင်စီတပ် ၁၀၀ ဝန်းကျင်လောက်က ထိုးစစ်ဆင်လာတာ။ အရင် မင်းတပ် CDF က သိမ်းလိုက်လို့ မကွီးအိမ်နူးစခန်းကို သူတို့ပြန်လိုက်ချင်တဲ့သဘော ရှိတယ်။ အခုလက်ရှိက အခြေအနေ တင်းမာနေတုန်းပဲ ရှိသေးတယ်။ သူတို့က မင်းတပ်ဘက်ကို အားထည့်တော့ ကျွန်တော်တို့ CDF ဘက်က လက်နက်ခဲယမ်းအင်အားလည်း အဲလောက်ထိ မတောင့်တင်းတော့လေ။ သူတို့ဘက်က ကားနှစ်စီးနဲ့ အင်အားထပ်ဖြည့်နေတယ်လို့ ကြားတယ်”
ဇူလိုင် ၂၄ ရက်နေ့က မင်းတပ်မြို့ မကွီးအိမ်နူးမြို့က စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပူးပေါင်းကင်း စခန်းတစ်ခုက စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ တို့ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ မင်းတပ် ဒေသကာကွယ်ရေး CDF အဖွဲ့နဲ့ ပူးပေါင်းခဲ့ကြတာပါ။
မင်းတပ်မြို့မှာ ပြီးခဲ့တဲ့ ဧပြီလကတည်းက CDF နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ ဇွန်လမှာ နှစ်ဘက်အပစ်ရပ်ထားမယ်လို့ သဘောတူထားရာကနေ ဇူလိုင် ၂၁ ရက်နေ့က တစ်ကျော့ပြန်တိုက်ပွဲတွေ ထပ်ဖြစ်လာတာပါ။
မိုးကလည်း အဆက်မပြတ် ရွာသွန်းနေတာ နှစ်ပတ်ခန့်ရှိနေပြီး တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံစစ်ဘေးဒုက္ခသည်တွေ အခက်အခဲများစွာရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။