ကချင်နဲ့ ရှမ်းမြောက်က တိုက်ခိုက်မှုတွေကို တန်ပြန်ချေမှုန်းမယ်လို့ စစ်ခေါင်းဆောင်ပြော
2023.11.03

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို တန်ပြန်ချေမှုန်းမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာလ ၂ ရက်နေ့မှာပြုလုပ်တဲ့ နေပြည်တော်က အစည်းအဝေးမှာ ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးရဖို့ ဆွေးနွေးနေချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) တွေက တိုက်ခိုက်မှုတွေအတွက် ကြိုတင်ပြင်ဆင်နေခဲ့တာလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက စခန်းတွေကိုလည်း အင်အား အလွန်အကျွံနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီအတွက် တန်ပြန်ချေမှုန်းရမယ်လို့ သူက ပြောခဲ့တာပါ။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီတပ်ရဲ့ တန်ပြန်ချေမှုန်းရေးဟာ မလွယ်ကူနိုင်ဘူးလို့ ပြောပါတယ်။
“ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက အဲဒီလို ပြောနေတာပါပဲ။ ဒါပေမဲ့ တိုက်ရင်းနဲ့ သူ့တပ်ကြီးက တဖြည်းဖြည်း လုံးပါးပါးပြီး အခုက အစေ့အဆံ အဆင့်လောက်ပဲ၊ နေပြည်တော်ကို ဝိုင်းဝန်းကာကွယ်နေတဲ့ အနေအထားလောက်ပဲ ကျန်ပါတော့တယ်”
မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်း (ကြူကုတ်) မြို့တွေကို လက်လွှတ်ခဲ့ရတဲ့အကြောင်း စစ်ကောင်စီဘက်က နိုဝင်ဘာလ ၁ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အပြင် ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်တွေက စစ်ကောင်စီ တပ်စခန်းတွေကိုလည်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ PDF ပူးပေါင်းတပ်တွေက တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုတွေ ဆက်ရှိနေပါတယ်။