ငြိမ်းချမ်းရေးအတွက် တရုတ်ကို ကျေးဇူးတင်ကြောင်း စစ်ခေါင်းဆောင်ပြော
2025.01.27

မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အကူအညီပေးတဲ့ တရုတ်နိုင်ငံကို ကျေးဇူးတင်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီလ ၂၅ ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ တရုတ်နှစ်သစ်ကူးနေ့ အခမ်းအနားမှာ ပြောပါတယ်။
တရုတ်နဲ့ ဆက်ဆံရေးကို အလွန်အရေးထားပြီး တရုတ်-မြန်မာ ပူးပေါင်းစီမံကိန်းတွေကို အရှိန်မြှင့် ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ဆက်လက်ကူညီပေးဖို့အတွက်လည်း ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က တောင်းဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ စစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ နှစ်ကစလို့ တရုတ်အပေါ် နီးကပ်တဲ့ ဆက်ဆံရေးရဖို့ ကြိုးစားနေတယ်လို့ RFA ကို ပြောပါတယ်။
"စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို တရုတ်က ထောက်ခံထားတယ်။ စစ်ကောင်စီအနေနဲ့ အာဆီယံနိုင်ငံတွေရဲ့ ထောက်ခံမှုရဖို့လည်း တရုတ်ပါမှ ဖြစ်မှာ။ အဲဒါကြောင့် စစ်ခေါင်းဆောင်က တရုတ်နဲ့ နီးနီးကပ်ကပ် ဆက်ဆံရေးရှိလာဖို့ လုပ်နေတာပါ"
အာဏာသိမ်းကာလ အစောပိုင်းမှာ စစ်ကောင်စီဟာ တရုတ်ထက် ရုရှားကို နီးကပ်တဲ့ဆက်ဆံရေး ရှိလာစေဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေရပ်ဖို့ တရုတ်နိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးနေပြီး ဇန်နဝါရီလ တတိယပတ်အတွင်းမှာ ကိုးကန့်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီတို့ အပစ်အခတ်ရပ်စဲရေး သဘောတူထားပါတယ်။
တရုတ်ရဲ့ ဖိအားကြောင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တချို့လည်း အပစ်အခတ်ရပ်စဲတာမျိုး ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စ မာကျား (Ma Jia) ကလည်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာပြီး ပြည်သူတွေအတွက် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးလာနိုင်မယ်လို့ ယုံကြည်ကြောင်း ဇန်နဝါရီလ ၂၅ ရက်နေ့က ပြုလုပ်တဲ့ တရုတ်နှစ်သစ်ကူးနေ့ အခမ်းအနားမှာ ပြောပါတယ်။