လက်နက်ကိုင်လမ်းစဉ်စွန့်ဖို့ စစ်ခေါင်းဆောင်ပြော
2024.12.14

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းမှ ပဋိပက္ခတွေ ပြေလည်စေမှာဖြစ်တာကြောင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၁၅ ရက်နေ့ကျရောက်တဲ့ ရခိုင်ပြည်နယ်နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။
လက်နက်ကိုင်နည်းနဲ့ လိုလားချက်တွေကို တောင်းဆိုလို့ရမှာမဟုတ်ဘဲ နိုင်ငံရေးအကြောင်းပြပြီး လက်နက်ကိုင်တိုက်ခိုက်မှုတွေဟာ လွဲမှားတဲ့လုပ်ရပ်တွေဖြစ်တယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
စစ်ခေါင်းဆောင်ရဲ့ လက်နက်ကိုင်စွန့်လွှတ်ရေး ပြောဆိုချက်အပေါ် သဘောထားသိရဖို့ အာရက္ခတပ်တော် (AA)၊ တအာင်းတပ်မတော် (TNLA) နဲ့ ကိုးကန့်တပ် (MNDAA) တို့ကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ လတ်တလော အကြောင်းမပြန်သေးပါဘူး။
ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)နဲ့ အာရက္ခတပ်တော် (AA) တို့ရဲ့ လုပ်ဆောင်ချက်တွေဟာ တိုင်းရင်းသားပြည်သူတွေရဲ့ လူမှုစီးပွားအခြေအနေတွေ ဆိုးရွားစေခဲ့တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေမှာ လူငယ်တွေကို မူးယစ်ဆေးဝါးနဲ့ သိမ်းသွင်းမြူဆွယ်ပြီး စစ်ပွဲထဲကို အတင်းအဓမ္မ ရောက်စေခဲ့တယ်လို့လည်း ဆိုပါတယ်။
ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းတပ် (TNLA) တို့ဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေလုပ်မယ်လို့ မကြာသေးခင်က ထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီဘက်ကတော့ ဒီအပေါ် တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။
၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် တစ်နှစ်ကျော်အတွင်း ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အပါအဝင် ပြည်နဲ့တိုင်း ခုနစ်ခုက မြို့ပေါင်း ၈၆ မြို့ကို တိုင်းရင်းသားလက်နက်ကိုင်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ BNI-Myanmar Peace Monitor က ဒီဇင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။