ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ထောက်ခံကြောင်း စစ်ခေါင်းဆောင်ပြော
2025.03.04

ရုရှားရဲ့ထောက်ပံ့ကူညီမှုတွေအတွက် သမ္မတ ပူတင်ကို ကျေးဇူးတင်ကြောင်းနဲ့ မြန်မာစစ်ကောင်စီအနေနဲ့ ယူကရိန်းအပေါ် ရုရှားရဲ့စစ်ရေးဆောင်ရွက်မှုတွေကို ထောက်ခံအားပေးကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောလိုက်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရုရှားနိုင်ငံကို လေးကြိမ်မြောက်ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ မတ်လ ၄ ရက်နေ့က မော်စကိုမြို့မှာ တွေ့ဆုံခဲ့ချိန် ပြောဆိုခဲ့တာပါ။
ပူတင်က စစ်ခေါင်းဆောင်ကို ကြိုဆိုခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးလာတာကို သတိပြုမိကြောင်းနဲ့ မော်စကိုကို ဆင်ပေါက်ကလေးခြောက်ကောင် ပို့ဆောင်ပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောဆိုကြောင်းလည်း AP သတင်းမှာ ဖော်ပြပါတယ်။
မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက်အထိမ်းအမှတ်အနေနဲ့ မြန်မာစစ်ကောင်စီက ဆင်လိမ္မာ ခြောက်ကောင် လက်ဆောင်ပေးပို့ခဲ့တာပါ။ ဒီဆင်တွေကို ဂရိတ်မော်စကို ဆပ်ကပ်အဖွဲ့ဆီ ပေးပို့ခဲ့တာဖြစ်ကြောင်း ရုရှားသတင်းဌာန Sputnik မှာ ဇန်နဝါရီလက ဖော်ပြခဲ့ပါတယ်။
ရိုက်တာသတင်းမှာတော့ စိုက်ပျိုးရေး၊ နျူကလီးယားစွမ်းအင်အပါအဝင် တခြားနယ်ပယ်တွေမှာ နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့ဖို့အတွက် အလားအလာကောင်းတွေ တွေ့မြင်ရတယ်လို့ ရုရှားဘက်က ပြောဆိုကြောင်း ရေးသားပါတယ်။
ရုရှားနဲ့ မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတွေရှိနေပေမဲ့လည်း နှစ်နိုင်ငံကြား ကုန်သွယ်မှုနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ အောင်မြင်နေတဲ့အပြင် အပြန်အလှန်ကုန်သွယ်မှုတွေလည်း တိုးလာနေကြောင်း ရုရှားဝန်ကြီးချုပ် မီးခေးလ် မစ်ရှုစတင်က ပြောဆိုပါတယ်။
ဒါ့အပြင် ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရုရှားကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေကြောင်းလည်း ဝန်ကြီးချုပ်က ပြောပါတယ်။
ရုရှားအစိုးရ ပြောခွင့်ရသူ Dmitry Peskov ကလည်း မြန်မာဟာ အရှေ့အာရှမှာ ရုရှားအတွက် အရေးပါတဲ့ မိတ်ဖက်နိုင်ငံဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း သတင်းမှာ ဖော်ပြပါတယ်။