ပြည်သူ့စစ် မဟာဗျူဟာကို စနစ်တကျလုပ်မယ်လို့ စစ်ခေါင်းဆောင်ပြော

RFA Burmese
2024.03.27
ပြည်သူ့စစ် မဟာဗျူဟာကို စနစ်တကျလုပ်မယ်လို့ စစ်ခေါင်းဆောင်ပြော ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၇၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ရစဉ်။
MRTV

တိုင်းပြည်တည်ငြိမ်ဖို့အတွက် ပြည်သူ့စစ်မဟာဗျူဟာကိုဖော်ဆောင်တဲ့အခါ စည်းစနစ်ကျတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို မဖြစ်မနေအကောင်အထည်ဖော်ရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနေ့ကျင်းပတဲ့ (၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ပြောပါတယ်။

“တိုင်းပြည်ငြိမ်အေးချမ်းဖို့အတွက် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ဖို့လုပ်ဆောင်ရာမှာ ပြည်သူ့စစ်အဖွဲ့တွေ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းခြင်းထက် ဥပဒေနဲ့ပိုမိုညီညွတ်ပြီး စည်းစနစ်ကျတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာပဲဖြစ်တယ်”

ပြည်သူ့စစ်မှုထမ်းဥပဒေအပြင် အရန်တပ်ဖွဲ့ဥပဒေကိုလည်း အာဏာတည်စေခဲ့ပြီး ဒီဥပဒေနှစ်ရပ်ကို အကောင်ထည်ဖော်တာကြောင့် ကာကွယ်ရေးအင်အားကိုမြင့်တက်လာစေပြီး အဲဒီကတစ်ဆင့် နိုင်ငံတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေကို တစ်ဆင့်ချင်းလုပ်ဆောင်မယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့တွေက စစ်မှုထမ်းဖို့စာရင်းကောက်ယူတာတွေ နိုင်ငံတစ်ဝန်းမှာ လုပ်ဆောင်နေပါတယ်။

ဒါကြောင့် အလွန်များပြားတဲ့ ပြည်သူတွေက ရရာနည်းလမ်းနဲ့ ပြည်ပနိုင်ငံတွေကို သွားရောက်ဖို့ ကြိုးစားနေကြတဲ့အပြင် စစ်မှုထမ်းဥပဒေကြောင့် ပြည်သူတွေဟာ တော်လှန်ရေးအဖွဲ့တွေနဲ့ သွားရောက်ပူးပေါင်းဖို့ တွန်းပို့လိုက်သလို ဖြစ်သွားနိုင်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာတွမ် အင်ဒရူးက RFA ကို ပြောထားပါတယ်။

စစ်ကောင်စီထိန်းချုပ်မှု အားနည်းတဲ့ဒေသတချို့မှာတော့ စစ်မှုထမ်းဖို့စာရင်းကောက်တဲ့ စစ်ကောင်စီဝန်ထမ်းတွေကို တော်လှန်ရေးအဖွဲ့တွေက ဖမ်းဆီးအရေးယူတာတွေလည်း ရှိပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကလည်း ပြည်သူ့စစ်မှုထမ်းဥပဒေကို ကန့်ကွက်ထားပြီး ဒေသတချို့မှာ စစ်မှုထမ်းဥပဒေကို ကန့်ကွက်ဆန္ဒပြတာတွေလည်း ရှိပါတယ်။

ဒီဥပဒေကို ပြည်သူလူထုက နည်းမျိုးစုံနဲ့ တုံ့ပြန်မှာဖြစ်သလို စစ်ကောင်စီကလည်း နည်းမျိုးစုံနဲ့ ဖိနှိပ်မှုတွေ ဆက်ရှိနေမှာဖြစ်တာကြောင့် တိုင်းပြည်ထိခိုက်နစ်နာမှုတွေများလာလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက RFA ကို ပြောထားပါတယ်။

ဗြိတိန်အစိုးရ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan ကလည်း မြန်မာပြည်သူတွေကို စိတ်သောကရောက်စေတဲ့ စစ်မှုမထမ်းမနေရဥပဒေ ကြေညာချက်အပေါ် အလွန်စိုးရိမ်ပူပန်တယ်လို့ ဒီနေ့မှာ ပြောလိုက်ပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဧပြီလကစပြီး စတ်သုတ်ကို လူငါးထောင်စီ ခေါ်သွားမယ်လို့ စစ်ကောင်စီက ကြေညာထားပြီး ဒီဥပဒေအရ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရချိန်မှာ ပျက်ကွက်ရင် ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။