ရခိုင်အရပ်ဘက်အဖွဲ့တွေကို လက်နက်ကိုင်တွေနဲ့မပတ်သက်ဖို့ စစ်ကောင်စီ သတိပေး

2023.03.30
ရခိုင်အရပ်ဘက်အဖွဲ့တွေကို လက်နက်ကိုင်တွေနဲ့မပတ်သက်ဖို့ စစ်ကောင်စီ သတိပေး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ အား ရခိုင်ပြည်နယ်၊ ဘူးသီးတောင် ဆိပ်ခံတံတားမှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်။
STR / AFP

ရခိုင်ပြည်နယ်မှာရှိတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို မတရားအသင်းကြေညာထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ အကြမ်းဖက်အဖွဲ့တွေနဲ့ မပတ်သက်ဖို့ မတ်လ ၂၈ ရက်နေ့က စစ်တွေမြို့မှာရှိတဲ့ ပြည်နယ်စစ်ကောင်စီရုံးကို ခေါ်ယူသတိပေးခဲ့တယ်လို့ အဖွဲ့အစည်းတွေ က RFA ကိုပြောပါတယ်။

ပြည်နယ် စစ်ကောင်စီရဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် ရခိုင်ပြည်နယ် အသင်းအဖွဲ့ဆိုင်ရာ မှတ်ပုံတင်အဖွဲ့က အခုလို သတိပေးပြောဆိုတာလို့ ဆိုပါတယ်။

တရားဝင်မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်း ၄၀ လောက်ကို အသစ်ပြဋ္ဌာန်းထားတဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဥပဒေကို အကြောင်းပြပြီး သတိပေးပြောဆိုခဲ့တာလို့ အမည်မဖော်လိုတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"အဓိက သူတို့ပြောတာက အသစ်ပြဋ္ဌာန်းတဲ့ဥပဒေနဲ့ ပတ်သက်ပြီး ပြောတာပေါ့။ လက်နက်ကိုင်အဖွဲ့တွေနဲ့ မပတ်သက်ဖို့၊ အထောက်အပံ့မလုပ်ဖို့ ပြောတယ်။ အရင်က အသင်းအဖွဲ့မှတ်ပုံတင်မှာ ပြစ်ဒဏ်မပါဘူး။ အခုအသစ်ဥပဒေမှာက ထောင်ဒဏ် သုံးနှစ်၊ ငါးနှစ်နဲ့ ငွေဒဏ်အများအပြား ဆောင်ရမယ် အဲဒီလိုပါလာတယ်"

မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းတွေရဲ့ ငွေစာရင်းနဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို သုံးလတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် စစ်ကောင်စီတပ်ကို အစီရင်ခံစာ ရေးသားရမှာဖြစ်ပြီး မှတ်ပုံမတင်ဘဲ ဆောင်ရွက်နေတဲ့အဖွဲ့တွေကို အရေးယူသွားဖို့ရှိတယ်လို့ ပြောဆိုခဲ့တယ် လို့လည်း ဆိုပါတယ်။

အခုလို အရပ်ဘက်အဖွဲ့တွေကို စစ်ကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကြောင့် ဒေသတွင်းအဖွဲ့အစည်းတွေအနေနဲ့ လုပ်ငန်း ဆောင်ရွက်ရေးတွေ ခက်ခဲသွားနိုင်သလို လုံခြုံရေးအခြေအနေကလည်း စိုးရိမ်ရတဲ့ အခြေအနေဖြစ်သွားတယ်လို့ အဖွဲ့အစည်းတွေက RFA ကို ပြောပါတယ်။

အလားတူပဲ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်းကလည်း ရခိုင်က စီးပွားရေးလုပ်ငန်းရှင်တွေကို ULA/AA ကို ကူညီထောက်ပံ့တာတွေကို မလုပ်ဖို့ကို စစ်ကောင်စီက စစ်တွေမြို့မှာရှိတဲ့ ပြည်နယ်စစ်ကောင်စီရုံးကို ခေါ်ယူသတိပေးတာတွေ ရှိခဲ့ပါတယ်။

ရက္ခိုင့်တပ်တော် (AA) ကတော့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းမှာ ပြည်သူတွေကို ULA/ AA နဲ့ မပတ်သက်ဖို့၊ အထောက်အပံ့တွေမပေးဖို့နဲ့ AA ဟာ တရားမဝင်အဖွဲ့ ဖြစ်တယ်လို့ ပြောဆိုနေပြီး ဒီလိုဆက်လုပ်နေမယ်ဆိုရင် တိုက်ပွဲလမ်းကြောင်းပေါ်ကို အချိန်မရွေးပြန်ရောက်သွားနိုင်တယ်လို့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က AA ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။