မြန်မာစစ်အုပ်စုပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုအစီအစဉ် ဖျက်သိမ်းဖို့ အရပ်ဖက်အဖွဲ့ ၅၅ဝ ကျော် တောင်းဆို
2023.08.25

မြန်မာစစ်ကောင်စီနဲ့ ရုရှားတို့ မကြာမီ ပူးတွဲလက်ခံကျင်းပမယ့် “အကြမ်းဖက်မှုတိုက်ဖျက်ရေး” စစ်ရေးလေ့ကျင့်မှုတွေကို ဖျက်သိမ်းဖို့ အာဆီယံနဲ့ ဆွေးနွေးဖက်နိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးတွေကို မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာက အရပ်ဖက်လူမှုအဖွဲ့ ၅၅၁ ဖွဲ့က သြဂုတ် ၂၅ ရက်က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
မြန်မာစစ်ကောင်စီနဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနတို့ဟာ အရပ်သားတွေအပေါ် စစ်ပွဲဆင်နွှဲပြီး နိုင်ငံတကာရာဇဝတ်မှုတွေကို ကြီးကြီးမားမားကျူးလွန်နေချိန်မှာ အာဆီယံနဲ့ ဆွေးနွေးဖက်နိုင်ငံတွေက အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှုကို လာမယ့်စက်တင်ဘာလမှာ ပူးတွဲလက်ခံကျင်းပမှာဖြစ်ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ မြန်မာပြည်သူလူထုအပေါ် စစ်ခင်းဖို့ မြန်မာစစ်တပ်ရဲ့ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးခြင်း ဖြစ်စေသလို ယူကရိန်းပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့ ရုရှားစစ်တပ်ကို အထောက်အကူပေးရာ ရောက်စေမယ်လို့ ဆိုပါတယ်။
ဒီလေ့ကျင့်မှုတွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေကို နှိမ်နှင်းရာမှာ အထောက်အကူဖြစ်စေမယ်လို့ အာဏာသိမ်းစစ်ကောင်စီကလည်း ပြောဆိုထားတယ်လို့ ဆိုပါတယ်။
ဒီလေ့ကျင့်မှုတွေကနေ ကြီးမားတဲ့ ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်နိုင်တာကြောင့် ဒီစစ်ရေးလေ့ကျင့်မှုကို ဖျက်သိမ်းဖို့နဲ့ မြန်မာစစ်အုပ်စုဝင်တွေကိုလည်း ADMM- Plus အစည်းအဝေးတွေနဲ့ လုပ်ငန်းစဉ်တွေအားလုံးကနေ ဖယ်ထုတ်ပေးဖို့ ဒီအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။