ရေဦးမှာ စစ်ကောင်စီတပ်ကင်းလှည့်ချိန် မိုင်းဆွဲခံရပြီး သုံးဦး သေဆုံး

2021.12.30
ရေဦးမှာ စစ်ကောင်စီတပ်ကင်းလှည့်ချိန် မိုင်းဆွဲခံရပြီး သုံးဦး သေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂၀၂၁၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ရန်ကုန်မြို့မှာ တွေ့ရစဉ်
Photo: REUTERS

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အင်တောရွာအနားမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်း အဖွဲ့ ဒီဇင်ဘာလ ၃၀ ရက် မနေ့ည ၁၀ နာရီလောက် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် သုံးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တန့်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

တန့်ဆည် - ရေဦး ကားလမ်းမပေါ်မှာ အင်းအား ၇၀ လောက်နဲ့ ကင်းလှည့်နေတဲ့အချိန် တန့်ဆည် ပြည်သူ့ ကာကွယ်ရေးအဖွဲ့နဲ့ ရေဦးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ တန့်ဆည် မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"တန့်ဆည်မြို့နယ်အကျော်လေး အင်တောရွာအနီးပေါ့၊ သူတို့ကင်းလှည့်နေတာ မိုင်းဆွဲလိုက်တော့ သုံးဦးထက် မနည်းတော့ သေတယ်။ ဒဏ်ရာရသွားတဲ့သူတွေလည်းရှိတယ်။ သေတဲ့အလောင်းတွေနဲ့ ဒဏ်ရာရတဲ့တချို့ကို သူတို့ထမ်းပြီး အင်တောရွာ စာသင်ကျောင်းထဲ ခေါ်သွားတာတွေ့တယ်”

သေဆုံးသူတွေအပြင် ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိတယ်လို့ ဆိုပါတယ်။

မိုင်းစွဲတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

တန့်ဆည်မြို့ပေါ်မှာ ဒီဇင်ဘာလ ၂၇ ရက်နေ့က တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ (TPC) ကထောင်ထားတဲ့ အလံနက်ကို စစ်ကောင်စီတပ်သားတွေ သွားဖြုတ်ရာချိန် ဗုံးပေါက်ကွဲပြီး လေးဦး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။