လက်နက်ကိုင်အဖွဲ့တွေမရှိမှ တပ်မတော်က နိုင်ငံရေးကနေ ထွက်သွားမည်


2019.02.23
soenaingoo-622.jpg တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် စိုးနိုင်ဦး ကို ၂၀၁၉၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျင်းပတဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
Photo: Htet Arkar/ RFA

လက်နက်ကိုင်အဖွဲ့အစည်းတွေ မရှိတဲ့ အချိန်မှသာ တပ်မတော်ဟာ နိုင်ငံရေးကနေ ထွက်ခွာသွားမှာဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးက ပြောလိုက်ပါတယ်။

ရန်ကုန်တိုင်း စစ်ဌာနချုပ်ရုံးက တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ဟာ နိုင်ငံရေးကနေ ဘယ်အချိန်မှာ ထွက်သွားမလည်းဆိုပြီး မေးမြန်းရာမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် စိုးနိုင်ဦးက ပြန်လည်ဖြေကြားလိုက်တာဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာတော့ တပ်မတော်အနေနဲ့ အခြေခံ ဥပဒေကို အခြေခံရမယ့် မူ ၄၈ ချက်ကို ထိန်းသိမ်းဖို့တာဝန်ရှိပြီး ကျန်တဲ့အချက်တွေကို ပြင်ဆင်မယ်ဆိုရင် ဥပဒေနဲ့ အညီဆောင်ရွက်ပါက ထောက်ခံသွားမယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပါဝင်တဲ့ တပ်မတော် ပြောရေးဆိုခွင့်ရှိသူတွေက ပြောပါတယ်။

ဒ့ါအပြင် ဒီမိုကရေစီစနစ်မှာ လက်နက်ကိုင်ပြီး တောင်းဆိုလို့မရဘဲ ဆွေးနွေးညှိနှိုင်းတဲ့နည်းလမ်းနဲ့သာ အဖြေရှာရမှာဖြစ်ပြီး AA အဖွဲ့ရဲ့ ဆောင်ရွက်ချက်ဟာ အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ လုပ်ရပ်ဖြစ်တာကြောင့် တိုက်ခိုက် ချေမှုန်းသွားမှာဖြစ်တယ်လို့လည်း ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။

တပ်မတော် အနေနဲ့ AA အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းဖို့ အချိန်ကြာမြင့်တာဟာ AA အဖွဲ့ဟာ တိုင်းရင်းသားအဖွဲ့ဖြစ်တာအပါအဝင် ဒေသခံတွေကြားမှာ ရောနှောဝင်ရောက်နေထိုင်နေတာ တွေကြောင့် ဖြစ်တယ်လို့လည်း ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။

တပ်မတော်က စစ်တိုင်း ၅ ခုမှာ ဧပြီလကုန်အထိ အပစ်ရပ်ထားတဲ့ ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေး အမြန်ဆုံးလာရောက်ဆွေးနွေးဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထပ်မံဖိတ်ခေါ်လိုက်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခနဲ့ ကိုထက်အာကာတို့ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။