ကုလအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံမှု ရလဒ်ကောင်းရဖို့ မျှော်လင့်ကြောင်း စစ်ကောင်စီပြော

2022.08.17
ကုလအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံမှု ရလဒ်ကောင်းရဖို့ မျှော်လင့်ကြောင်း စစ်ကောင်စီပြော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာကို ရန်ကုန်လေဆိပ်မှာ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: MYANMAR'S MILITARY INFORMATION TEAM / AFP

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာဟာ ဩဂုတ်လ ၁၇ ရက် ဒီနေ့ နေ့လယ် ၂ နာရီမှာ စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပြီး ဒီတွေ့ဆုံမှုဟာ မြန်မာအစိုးရနဲ့ တရားဝင်တွေ့ဆုံမှုဖြစ်သလို ရလဒ်ကောင်းတွေရဖို့လည်း မျှော်လင့်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူက ပြောပါတယ်။

ဒီနေ့ နေပြည်တော်က စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ထည့်သွင်း ပြောခဲ့တာပါ။

"ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ လက်ရှိ မြန်မာနိုင်ငံ အစိုးရနဲ့ တရားဝင် တွေ့ဆုံမှု ဖြစ်တယ်ဆိုတာကို သတိပြုစေလိုပါတယ်။ တွေ့ဆုံမှုကနေ ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့် ထားပါတယ်"

ကုလအထူးကိုယ်စားလှယ်ဟာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့ တွေ့ဆုံခဲ့တာပါ။

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ကတော့ ကုလ အထူး ကိုယ်စားလှယ်ရဲ့ မြန်မာပြည် ခရီးစဉ်အတွင်း စစ်ကောင်စီကို တရားဝင်မှုပေးတဲ့ အခြေအနေမျိုးကို ရှောင်ရှားဖို့လိုတယ်လို့ မနေ့က သတင်း ထုတ်ပြန်ထားပါတယ်။

စင်္ကာပူနိုင်ငံသူ မစ္စ နိုလင်းဟေဇာကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အဖြစ် ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၅ ရက်နေ့မှာ ခန့်အပ်ခဲ့ပြီးနောက် ကုလ အထူး ကိုယ်စားလှယ် အနေနဲ့ ပထမဆုံးလာတဲ့ ခရီးစဉ် ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း နိုင်ငံရေးနယ်ပယ်နဲ့ အရပ်ဘက်လူမှုအဖွဲ့က တာဝန်ရှိသူတွေအပြင် ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားနေရသူတွေနဲ့ နက်နက်ရှိုင်းရှိုင်း တိုင်ပင်ဆွေးနွေးသွားဖို့ ရှိတယ်လို့ ကုလသမဂ္ဂရဲ့ ဩဂုတ်လ ၁၅ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။