ခင်ဦးမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်တပ်က ဝင်ရောက်စီးနင်း

2021.10.30
ခင်ဦးမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်တပ်က ဝင်ရောက်စီးနင်း စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မကျီးအုပ်ကျေးရွာက နေအိမ်တွေကို ၂၀၂၁၊ အောက်တိုဘာ ၃၀ ရက်နေ့က ဝင်ရောက်မွှေနှောက်ဖျက်ဆီးထားတာကို တွေ့ရစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မကျီးအုပ်ကျေးရွာကို စစ်တပ်နဲ့ လက်နက်ကိုင် ပျူစောထီးအဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ပြီး အိမ်ခြေ ၅၀ လောက်ကို ဝင်ရောက်မွှေနှောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာသစ်ကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ဒီနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ မနက်ပိုင်းမှာ မကျည်းအုပ်ရွာကို ဝင်ရောက်စီးနင်းတာကြောင့် ရွာသားတွေ ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့ဝင်လာတော့ အကုန်ထွက်ပြေးရတာပေါ့။ အဲဒီမှာ သူတို့ အိမ်တွေအကုန်ဝင်မွှေပြီး လိုချင်တာ အကုန်ယူသွားကြတာ”

နေအိမ်တွေမှာတွေ့တဲ့ ပိုက်ဆံ၊ ဖုန်းနဲ့ အသုံးအဆောင်ပစ္စည်းတချို့ ယူဆောင်သွားတာနဲ့ နေအိမ် တွေက အသုံးအဆောင် ပရိဘောဂတွေကို ရိုက်ချိုး ဖျက်ဆီးတာတွေလည်း လုပ်သွားတယ်လို့ ဆိုပါတယ်။

အလားတူ ခင်ဦးမြို့နယ်ထဲက ယောက်သွားအိုင်ရွာကိုလည်း ဒီနေ့မနက် အစောပိုင်းမှာ စစ်တပ်က ဝင်ရောက်စီးနင်းထားပြီး နေအိမ်တွေ ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရွာက လူငယ်တစ်ယောက်ကိုလည်း စစ်တပ်က ဖမ်းဆီးထားတာကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။

မကျီးအုပ်ရွာကနေ စစ်သားတွေပြန်ထွက်သွားလို့ ရွာသားတွေ ကိုယ့်ရွာကိုယ် ပြန်နေကြပေမယ့် ယောက်သွားအိုင်ရွာမှာတော့ စစ်တပ်က ရွာထဲကနေ ဒီညနေပိုင်းအထိ ထွက်မသွားသေးတာကြောင့် ရွာသားတွေဟာ အိမ်မပြန်ရဲဘဲ ပုန်းအောင်းနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။