စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးသူတွေကို ဗြိတိန်အရေးယူ
2023.03.27

မြန်မာစစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်းနဲ့ လေယာဉ်ဆီ တင်သွင်းပေးနေသူတွေကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်တယ်လို့ မတ် ၂၇ ရက်နေ့မှာ ဗြိတိန်အစိုးရက ကြေညာလိုက်ပါတယ်။
အရပ်သားတွေကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ရာမှာ အထောက်အကူဖြစ်အောင် ကူညီနေသူတွေကို အဓိက ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူတာလို့ ဆိုပါတယ်။ စစ်ကောင်စီက "တပ်မတော်နေ့" အခမ်းအနားကျင်းပတဲ့ မတ် ၂၇ ရက်နေ့မှာပဲ ဗြိတိန်အစိုးရက အခုလို ထုတ်ပြန်လိုက်တာပါ။
ပိတ်ဆို့အရေးယူတဲ့ စာရင်းမှာ စစ်ကောင်စီလေတပ်ကို လေယာဉ်လောင်စာဆီ တင်သွင်းနေတဲ့ Shoon Energy ကုမ္ပဏီကို ထည့်သွင်းလိုက်တဲ့အပြင် ကုမ္ပဏီဒါရိုက်တာ ဒေါ်ခင်ဖြူဝင်း၊ Star Sapphire Trading ကုမ္ပဏီ က လက်နက်ပွဲစား ဦးထွန်းမင်းလတ်တို့ကိုလည်း ပိတ်ဆို့အရေးယူတဲ့စာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။
မြန်မာပြည်သူတွေအပေါ် စစ်ကောင်စီက လူမဆန်တဲ့လုပ်ရပ်တွေ ဆက်လက်ကျူးလွန်နေတဲ့အပေါ် ဒီတပ်မတော်နေ့မှာ ရှုတ်ချလိုက်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဌာန အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး အန်းမာရီ ထရီဗဲလီယန် (Ann-Marie Trevelyan)က ပြောပါတယ်။
ဒီနေ့ပိတ်ဆို့အရေးယူမှုဟာ စစ်ကောင်စီကို လောင်စာဆီနဲ့ စစ်လက်နက်ပစ္စည်းကိရိယာတွေ ဖြတ်တောက်လျှော့ချဖို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီအတွက် လေယာဉ်လောင်စာဆီ ဖြည့်ဆည်းပေးနေတဲ့ ဆွစ်ဇာလန်မှတ်ပုံတင် Puma Energy ကုမ္ပဏီက မြန်မာနိုင်ငံက နုတ်ထွက်တော့မယ်လို့ ပြီးခဲ့တဲ့အောက်တိုဘာမှာ ကြေညာခဲ့ပြီးနောက် စစ်တပ်ကို လောင်စာဆီ ဝယ်ယူတင်သွင်းပေးနေတဲ့ Shoon Energy ကုမ္ပဏီကို ဒီဇင်ဘာမှာ ပိုင်ဆိုင်မှုတွေ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။