စစ်မှုထမ်းဆင့်ခေါ်ဖို့ အသင့်ဖြစ်နေပြီလို့ စစ်ကောင်စီပြော

RFA Burmese
2024.03.05
စစ်မှုထမ်းဆင့်ခေါ်ဖို့ အသင့်ဖြစ်နေပြီလို့ စစ်ကောင်စီပြော ၂ဝ၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်နေ့အခမ်းအနား စစ်ရေးပြ မြင်ကွင်းတစ်ခု။
Photo: Reuters

စစ်မှုမထမ်းမနေရဥပဒေနဲ့ ဆင့်ခေါ်ခံရမဲ့သူတွေကို ထားဖို့ သင်တန်းကျောင်းတွေ အဆင်သင့်ဖြစ်နေပြီလို့ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နိုင်ငံပိုင်မီဒီယာတွေကနေတစ်ဆင့် ပြောဆိုလိုက်ပါတယ်။

ဒီနှစ်ဖေဖော်ဝါရီလအစောပိုင်းမှာ ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုမထမ်းမနေရဥပဒေအရ ဧပြီလကစပြီး လူငါးထောင် တစ်သုတ်စီ ခေါ်သွားမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

ဒီဥပဒေနဲ့ ပတ်သက်လို့ နိုင်ငံတကာက ပြင်းပြင်းထန်ထန်ဝေဖန်နေကြပေမဲ့ စစ်ကောင်စီဘက်ကတော့ “ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့” ဖွဲ့ပြီး ပြင်ဆင်လာနေတာပါ။

အဲဒီအဖွဲ့မှာ စစ်ကောင်စီရဲ့ လက်ရှိကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဥက္ကဋ္ဌ၊ (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး စစ်ဥပဒေချုပ်၊ စစ် ထောက်ချုပ်နဲ့ ရှေ့နေချုပ်အပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၁၈ ဦးပါပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ဒီဥပဒေကို လိုက်နာဖို့မလိုဘူးလို့ ထုတ်ပြန်ထားပြီး၊ ဒီဥပဒေဖြစ်မြောက်အောင်လုပ်ပေးနေကြတဲ့ စစ်ကောင်စီတာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီဥပဒေအရ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ထိ အမျိုးသားတိုင်း၊ အသက် ၁၈ ကနေ ၂၇ နှစ်ထိ အမျိုးသမီးတိုင်း၊ အသက်မွေးဝမ်းကျောင်းတစ်ရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်းနေတဲ့ အမျိုးသားတွေဆိုရင် ၄၅ နှစ်ထိ၊ အမျိုးသမီးဆိုရင် ၃၅ နှစ်ထိ စစ်မှုထမ်းရမယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဖို့ ဆင့်ခေါ်ချိန်မှာ တာဝန်ပျက်ကွက်တယ်ဆိုရင် ထောင်ဒဏ်ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။

စစ်မှုမထမ်းမနေရဥပဒေနဲ့ ပတ်သက်ပြီး လူငယ်တွေကြား စိုးရိမ်ပူပန်စိတ်တွေ ကြီးလာနေပြီး၊ နိုင်ငံခြားထွက်ဖို့ ကြိုးစားသူတွေရှိသလို တချို့ကတော့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေထဲ ဝင်တာလည်းရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။