နှမ်းခါးရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပစ်ခတ်လို့ ဒေသခံတစ်ဦး သေဆုံး

2021.12.30
နှမ်းခါးရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပစ်ခတ်လို့ ဒေသခံတစ်ဦး သေဆုံး စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖျက်ဆီးခံခဲ့တဲ့ နှမ်းခါးရွာကို ၂၀၂၁ ဒီဇင်ဘာ ၂၉ ရက်နေ့က တွေ့ရစဉ်
Photo: CJ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာမှာ ဒီဇင်ဘာလ ၂၉ ရက်မနေ့ညပိုင်းက စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပစ်ခတ်မှုကြောင့် တစ်ဦး သေဆုံးပြီး နေအိမ်အချို့လည်း ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သေဆုံးသွားသူဟာ နှမ်းခါးရွာသား အသက် ၄၆ နှစ်အရွယ် ဦးထွားမောင်ဖြစ်တယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"တပ်စွဲတဲ့အချိန်မှာ အိမ်ကတန်ဖိုးကြီးပစ္စည်းတွေ ဖောက်ယူတယ်၊ အပြစ်မဲ့ ပြည်သူတစ်ဦးကို သတ်သွား တယ်ဗျ၊ အဲဒါ သတ်ပြီး နွားစာတိုက်ထဲထည့်ပြီး မီးရှို့အလောင်းဖျောက်သွားတယ်" လို့ ဒေသခံက ဆိုပါ တယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နွားစာတိုက်တစ်လုံးကိုမီးရှို့ခဲ့ပြီး တန်ဖိုးကြီးပစ္စည်းတွေနဲ့ ရေမော်တာတွေကိုပါ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဂန့်ဂေါဘက်ကနေ စစ်ကြောင်းထိုးလာတဲ့အချိန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး အကျအဆုံးများခဲ့တဲ့အတွက် အခုလို ရွာကိုရန်ရှာတာဖြစ်တယ်လို့လည်း
ရွာသားတွေက ပြောပါတယ်။

ရွာမှာကျန်ခဲ့တဲ့ အသက် ၆၀ အရွယ် စိတ်ဝေဒနာရှင် အဖိုးအိုတစ်ဦးကိုလည်း အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေရှိနေတာကြောင့် ဆေးဝါးကုသမှုပေးတယ်လို့ နှမ်းခါး ရွာသားတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ စစ်ကောင်စီက နှမ်းခါးရွာကို ရဟတ်ယာဉ်အသုံးပြုပြီး တိုက်ခိုက်ခဲ့တဲ့ အတွက် ဒေသခံ ၄၀၀၀ ဝန်းကျင် ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးပုန်းရှောင်နေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။