အာဏာသိမ်းလေးနှစ်ပြည့်ချိန် စစ်ကောင်စီ ခုနစ်ကြိမ်မြောက် သက်တမ်းတိုး

RFA Burmese
2025.01.31
အာဏာသိမ်းလေးနှစ်ပြည့်ချိန် စစ်ကောင်စီ ခုနစ်ကြိမ်မြောက် သက်တမ်းတိုး စစ်ကောင်စီ ကာလုံအစည်းအဝေးအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က တွေ့ရစဉ်။
Myanmar Military Photo

[Update: 3:03 PM, Jan 31, 2025]

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို နေပြည်တော်မှာ ဇန်ဝါရီလ ၃၁ ရက် ဒီနေ့မနက်ပိုင်းက ပြုလုပ်ပြီး အရေးပေါ်ကာလသက်တမ်းကို နောက်ထပ် ခြောက်လတိုးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အရေးပေါ် ကာလ သက်တမ်းတိုးတာဟာ ဒီတစ်ကြိမ်နဲ့ဆို ခုနစ်ကြိမ်ရှိလာပါပြီ။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ တည်ငြိမ်အေးချမ်းမှု လိုအပ်နေတာကြောင့် အရေးပေါ်ကာလ သက်တမ်းကို နောက်ထပ် ခြောက်လထပ်တိုးတာဖြစ်ပြီး ကာလုံအစည်းအဝေး တက်ရောက်သူအားလုံး တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ဒီနေ့ကျင်းပတဲ့ ကာလုံအစည်းအဝေးမှာ ယာယီသမ္မတတာဝန် ပူးတွဲယူထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မာင်အေး၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်ဆိုင်ရာ ပုဒ်မ ၄၂၁ အရ အရေးပေါ်ကာလသက်တမ်းဟာ သာမန်အားဖြင့် ခြောက်လ နှစ်ကြိမ်သာ တိုးခွင့်ရှိပေမဲ့ စစ်ကောင်စီက အကြိမ်ကြိမ် သက်တမ်းတိုးနေတယ်လို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။

အခုလို သက်တမ်းတိုးလိုက်တာကြောင့် စစ်ခေါင်းဆောင် ပြောခဲ့သလို ၂၀၂၅ ခုနှစ်ထဲမှာ ရွေးကောက်ပွဲ ကျင်းပဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မဲ့ နိုင်ငံရေးပါတီတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“၂၀၂၅ ထဲမှာ ရွေးကောက်ပွဲ မဖြစ်ပါဘူး။ အရင်က နှစ်ကုန်ပိုင်းမှာ ဖြစ်မလားဆိုတဲ့ အခြေအနေရှိလာပေမဲ့ နိုင်ငံတစ်ဝန်း မတည်ငြိမ်တာက ရွေးကောက်ပွဲ ဘယ်လိုမှ လုပ်လို့မရပါဘူး။ ဗိုလ်ချုပ်မှူးကြီးက ဒီနှစ်ထဲလုပ်မယ်လို့ အရင်ကပြောခဲ့တာဟာ ဖြစ်နိုင်ချေကိုပဲပြောခဲ့တာ ဖြစ်ပါလိမ့်မယ်”

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ လွတ်လပ်တဲ့ သုတေသုနအဖွဲ့တစ်ခုဖြစ်တဲ့ BNI – Myanmar Peace Monitor ရဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၉၅ မြို့ကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပါတယ်။

စစ်ကောင်စီဟာ နယ်မြေအများအပြား လက်လွှတ်ဆုံးရှုံးထားရတာကြောင့် သန်းခေါင်စာရင်း ကောက်ယူရာမှာ လုံခြုံရေးအခြေအနေအရ မြို့နယ်ပေါင်း ၃၃၀ ထဲက ၁၄၅ မြို့နယ်ကိုပဲ ရာနှုန်းပြည့် ကောက်ယူနိုင်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအတွေ အပါအဝင် အတိုက်အခံအင်အားစုတွေက ကန့်ကွက်ထားပါတယ်။

(မှတ်ချက်- နိုင်ငံရေးပါတီ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်ကို ထပ်မံဖြည့်စွက်ရေးသားထားသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။