အာဏာသိမ်းကာလ ခြောက်လထပ်တိုးကြောင်း စစ်ကောင်စီကြေညာ

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြည်သူလူထု ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီဟာ အရေးပေါ်အာဏာသိမ်း သက်တမ်းကို နောက်ထပ်ခြောက်လ တိုးလိုက်ကြောင်း ဒီကနေ့ ကြေညာပါတယ်။
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးကို နေပြည်တော်မှာ ဒီကနေ့ ခေါ်ယူပြီး သက်တမ်းခြောက်လ ထပ်တိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း စစ်တပ်ပိုင်သတင်းတွေကနေ ထုတ်လွှင့်ပြသခဲ့ပါတယ်။
အရင် ဦးသန်းရွှေ စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်မှာ စစ်ကောင်စီဟာ တစ်နှစ်သက်တမ်း တစ်ကြိမ်နဲ့ ခြောက်လသက်တမ်း နှစ်ကြိမ် စုစုပေါင်း နှစ်နှစ်အထိ အာဏာယူခွင့်ရှိတယ်လို့ ပါရှိပါတယ်။
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ သက်တမ်းခြောက်လ ထပ်တိုးထားပြီးဖြစ်တာကြောင့် ဒီတစ်ကြိမ် ခြောက်လသက်တမ်းတိုးတာဟာ နောက်ဆုံးအကြိမ် သက်တမ်းတိုးခွင့် ဖြစ်ပါတယ်။
ဒီတစ်ကြိမ် သက်တမ်းတိုးရက်ဟာ လာမယ့် ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပြီး အဲ့ဒီကာလပြီးရင်တော့ ခြောက်လအတွင်း ရွေးကောက်ပွဲကျင်းပပေးရပါမယ်။
ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်စရာတွေရှိသေးတာကြောင့် အရေးပေါ်အာဏာသိမ်းကာလကို သက်တမ်းတိုးရတာလို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ... "၂၀၂၃ ခုနှစ်မှာ သူ့အနေနဲ့ မုချရွေးကောက်ပွဲ ကျင်းပမယ်။ အဲဒီမှာ စစ်တပ်ကဦးစီးတဲ့ အင်အားစုတွေထဲက တစ်ယောက်ယောက်က နိုင်ငံတော်အကြီးအကဲဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ထားတယ်။ သဘောကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကနေ သမ္မတ မင်းအောင်လှိုင်အဖြစ် ကူးပြောင်းဖို့ ခင်းကျင်းထားတဲ့ သတ်ကွက်လို့ ယူဆပါတယ်" လို့ RFA ကို ပြောပါတယ်။
၂ဝ၂ဝ ပြည့်နှစ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီ ပြန်ကျင်းပမယ့်ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ နိုင်ငံရေးပါတီတချို့နဲ့ လေ့လာသုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။