စစ်ကိုင်းအခြေစိုက် ဇေယျာတိုင်း(စ်)သတင်းဌာနကို စစ်ကောင်စီပိတ်သိမ်း

2021.12.30
စစ်ကိုင်းအခြေစိုက် ဇေယျာတိုင်း(စ်)သတင်းဌာနကို စစ်ကောင်စီပိတ်သိမ်း စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ကို ၂၀၂၁ ဒီဇင်ဘာ ၁၁ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အခြေစိုက် ဇေယျာတိုင်း(စ်) သတင်းအေဂျင်စီကို စစ်ကောင်စီက ပိတ်သိမ်းလိုက် ကြောင်း အကြောင်းကြာစာ ဒီရက်ပိုင်းမှာ လက်ခံရရှိခဲ့တယ်လို့ ဇေယျာတိုင်း(စ်) သတင်း အေဂျင်စီရဲ့ တာဝန် ခံအယ်ဒီတာက ဒီဇင်ဘာလ ၃၀ ရက်နေ့ ဒီကနေ့မှာ RFA ကို ပြောပါတယ်။

စာထဲမှာတော့ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ကျူးလွန်တဲ့သူတွေကို အားပေးကူညီတဲ့ အရေးအသား တွေ ထုတ်လွှင့်တာကြောင့် လုပ်ငန်းပိတ်သိမ်းတယ်ဆိုပြီး ရေးထားတယ်လို့ တာဝန်ခံအယ်ဒီတာက ပြောပါ တယ်။

“စာထဲမှာ ဇူလိုင်လ ၁ ရက်စပိတ်တယ်လို့ ရေးထားပေမယ့် မြေပြင်မှာတော့ တိုက်က သတင်းထောက်တွေ ဖမ်းဆီးခံလိုက်ရတဲ့အချိန်ကစပြီး ရပ်နားထားတယ်၊ သတင်းဌာနက ကျန်တဲ့သူတွေလည်း ပြေးလွှားနေတာ ၆ လတောင်ကျော်နေပါပြီ၊ ဘာပဲပြောပြော အခုလို လုပ်တာကို မကျေနပ်ဘူး၊ စစ်ကိုင်းတိုင်း ခုခံတော်လှန် စစ် မြင့်နေချိန် ဖိနှိပ်တာပါပဲ၊ ဒေသတွင်း မီဒီယာမရှိတဲ့အချိန် သတင်းအမှားတွေနဲ့ပဲ လုံးခြာလည်နေကြ တာပေါ့”

စစ်တပ်က အာဏာသိမ်းပြီး ၅ လကျော်ကတည်းက ဇေယျာတိုင်း(စ်) သတင်းဌာနက သတင်းထောက်တွေ ဖြစ်တဲ့ ကိုဒီမြတ်ငြိမ်းနဲ့ ကိုပြည့်ဖြိုးအောင်တို့ အဖမ်းခံရပြီး ပုဒ်မ ၅၀၅ (က) အပါအဝင် ပုဒ်မ နှစ်ခုနဲ့ တရားစွဲ ခံထားရပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇေယျာတိုင်း(စ်) သတင်းဌာနရဲ့ ထုတ်ဝေသူတွေ အပါအဝင် တာဝန်ခံအယ်ဒီတာနဲ့ သတင်းထောက် တွေကို ၅၀၅ (က) နဲ့ တရားစွဲဆိုထားတဲ့အတွက် အားလုံးထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။

သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းတဲ့စာကို စစ်ကောင်စီက ခန့်အပ်ထားတဲ့ ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်က လတ်မှတ်ထိုးထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဇေယျာတိုင်း(စ်) သတင်းဌာနဟာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကစတင်ပြီး စစ်ကိုင်းတိုင်းအတွင်းက သတင်းတွေကို ရေးသားထုတ်လွှင့်နေတဲ့ သတင်းဌာနဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။