၀ိုင်းမော်မြို့နယ် ဂီဒုန်တပ်စခန်းကို KIA သိမ်းယူ

RFA Burmese
2024.05.06
၀ိုင်းမော်မြို့နယ် ဂီဒုန်တပ်စခန်းကို KIA သိမ်းယူ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။
Kachin News Group

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ ပွိုင့် (၁၁၀၃) ဂီဒုန်တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က မေလ ၆ ရက် ဒီနေ့မနက်မှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒီတပ်စခန်းကို မေလ ၄ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာထွက်ပြေးသွားတာကြောင့် သုံးရက်အကြာမှာ သိမ်းယူနိုင်ခဲ့တာလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“သိမ်းတာကတော့ မနက် ၈ နာရီလောက်က သိမ်းတာ။ အခု အပြီးရှင်းလင်းပြီးပါပြီ။ ကျနော်တို့ဘက်က တိုက်လည်းတိုက်တယ် သူတို့လည်း ထွက်ပြေးသွားတာလည်းပါတယ်။ အခုအဲဘက်တစ်ကြောက စစ်ကောင်စီတပ်တွေ မရှိတော့ဘူး”

အင်အား ငါးဆယ်ခန့်နဲ့ အထိုင်ချထားတဲ့ ဒီတပ်စခန်းဟာ မြစ်ကြီးနား-ဗန်းမော်ကားလမ်းပိုင်းမှာ အရေးပါတဲ့ တပ်စခန်းတစ်ခုဖြစ်သလို ၀ိုင်းမော်မြို့နယ် ပါဂျောင်ဒေသဘက်ကိုပါ ခြိမ်းခြောက်နိုင်တဲ့ အနေထားမှာရှိတယ်လို့ သူကဆိုပါတယ်။

ဒီတပ်စခန်းဟာ အရင်က KIA ရဲ့ တပ်စခန်းဖြစ်ပြီး စစ်တပ်က လေကြောင်းပစ်ကူ အပါအဝင် အမှတ် (၃) စစ်ဆင်ရေးကွပ်ကဲဌာနချုပ် လက်အောက်ခံ တပ်ရင်း ခုနစ်ခုနဲ့ လေးလအကြာတိုက်ခိုက်ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ သိမ်းယူသွားခဲ့တဲ့ တပ်စခန်းဖြစ်ပါတယ်။

မေလ ၅ ရက် မနေ့ကလည်း အခုတပ်စခန်းနဲ့ တစ်ဆက်တည်းဖြစ်တဲ့ ဆမား၊ ဂဂမ် တပ်စခန်းတွေ အပါအဝင် စခန်းပေါင်း ၁၀ ခုကျော်ကို KIA က သိမ်းယူခဲ့ပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မတ်လ ၇ ရက်နေ့ကစတင်ခဲ့တဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေအတွင်း လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ ဆင်ဘိုနဲ့ ဆွမ်ပရာဘွမ်မြို့ အပါအဝင် စစ်ကောင်စီတပ်စခန်းပေါင်း ရှစ်ဆယ်ကျော်ကို သိမ်းပိုက်ထားတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။