ပုလဲမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းအသုံးပြု
မနေ့ကတည်းက တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဒီဇင်ဘာလ ၂၃ ရက် ဒီနေ့မှာတော့ စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပြောပါတယ်။
ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်သားတွေ ပိတ်မိနေတဲ့အချိန်မှာ စစ်ရဟတ်ယာဉ်ကလာပြီး ကူပစ်ပေး သွားတာလို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။
“မနေ့ကတည်းက တိုက်ပွဲတွေဖြစ်တာ၊ စစ်ကောင်စီဘက်က အကျအဆုံးများတယ်၊ ဒီကနေ့ ကံပေါက်ရွာနဲ့ ဖိုကုန်းရွာနားမှာ ထပ်ဖြစ်ကြတာ၊ စစ်သားတွေက ဖိုကုန်းရွာကိုအဝင်မှာ ကျတော်တို့က အဝင်မခံဘဲ ပြန်ချနေတာ၊ သူတို့ထွက်ပေါက်မရှိ ပိတ်သွားချိန်မှာ ရဟတ်ယာဉ်ရောက်လာပြီးပစ်တာ၊ သူတို့က သူတို့နေရာကို မီးရှို့ပြီး အချက်ပြတယ်၊ အဲဒါနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေလည်း ပြန်ဆုတ်လာခဲ့တယ်၊ စစ်ကောင်စီက သူတို့ မနိုင်တော့ဘူးဆိုရင် ကျင့်သုံးနေကျနည်းလမ်းအတိုင်း ကျင့်သုံးသွားတာပါ” လို့ ဗိုလ်နဂါးက ဆိုပါတယ်။
လတ်တလောမှာတော့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို စစ်ဆေးနေဆဲဖြစ်ပြီး သေဆုံးမှု ရှိ၊ မရှိကိုတော့ တိတိကျကျ မပြောနိုင်သေးဘူးလို့ ဗိုလ်နဂါးက ပြောပါတယ်။
လေကြာင်းကနေ ပစ်ခတ်ခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA ဆက်သွယ်နေဆဲဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေရာကို ပျံသန်းလာတဲ့ ရဟတ်ယာဉ်နှစ်စီးအနက် တစ်စီးက လှည့်ပတ်ပြီး ပြန်သွားပေမယ့် တစ်စီးကတော့ မြေပြင်ကို ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ပုလဲမြို့နယ်ကို စစ်ရဟတ်ယာဉ်အသုံးပြုပြီး တိုက်ခိုက်တာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။